ဧရာဝတီတိုင်း ကျိုက်လတ်မြို့မှာ စစ်အာဏာသိမ်းတာကို ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ NLD ပါတီဝင် ၅ ယောက်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တချို့ က ပြောပါတယ်။
တနှစ်ခွဲကျော်ကြာ ဖမ်းဆီးခံထားရသူ ၅ ယောက်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျာပုံခရိုင်တရားရုံးက နှစ် ၂၀ ကနေ နှစ် ၄၀ အထိ ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။
မိသားစုဝင်နဲ့ နီးစပ်သူ တဦးက "သူတို့ ငါးဦးကို ဖျာပုံခရိုင်တရားရုံးက အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ဈ) ၅၂(က)တွေနဲ့ တရားစွဲအမှုဖွင့်ထားတာ။ ဆန္ဒပြတာ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေပါ ထည့်စွဲတာ တယောက်နဲ့ တယောက် ပြစ်ဒဏ်တွေ မတူဘူး။ အားလုံးက နှစ်ရှည် ပြစ်ဒဏ်တွေပဲ" လို့ ဆိုပါတယ်။
ဖျာပုံခရိုင်တရားရုံးက ကိုပြည့်ဖြိုးအောင်နဲ့ ကိုချမ်းမြေ့သူတို့ကို ထောင်ဒဏ် အနှစ် ၂၀၊ ကိုဟိန်း ကို ထောင်ဒဏ် နှစ် ၃၀၊ ကိုမျိုးကို ထောင်ဒဏ် ၃၅ နှစ်နဲ့ ကိုထွဋ်နောင်ဦးကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့တာပါ။
သူတို့ ၅ ယောက်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မေလမှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် မျိုးသူ (ခ) ခေါ်လေးကို ၂၃ လမ်းက စည်းစိမ်ရှင် စားသောက်ဆိုင်နားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ည ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “စည်းစိမ်ရှင်စားသောက်ဆိုင်နဲ့ ၂၃ လမ်းနားမှာ အပစ်ခံရတာ။ ရင်ဘတ် ၂ ချက် အပစ်ခံရတာ။ ကျည်ကာဝတ်ထားတော့ ဘာမှမဖြစ်ဘူး။ ပေါင်နဲ့ လက်မောင်း ထပ်ပစ်ခံရလို့ ဆေးရုံကားနဲ့ လာခေါ်သွားတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးရာမှာ ပါဝင်သလို မြစ်ထဲက စက်လှေနဲ့ သင်္ဘောတွေ သွားလာတဲ့အခါမှာလည်း စစ်ဆေးပြီး ငွေတောင်းတာတွေ ပြုလုပ်နေတဲ့သူလို့ ဆိုပါတယ်။
အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ဝင်ပစ်ပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးပေါ် လူနာတင်ကားနဲ့ မအူပင်ပြည်သူ့ဆေးရုံကြီးကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။