ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်တခု ဇူလိုင် ၂၁ ရက်ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
မနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ ၃၇ မိနစ် ၂၆ စက္ကန့် အချိန်က ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် ၁၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့ရဲ့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၈၆)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားလို့ ဆိုပါတယ်။
ဒီမတိုင်ခင် မြန်မာစံတော်ချိန် မနေ့ည ၁၁ နာရီ ၁၀ မိနစ်၊ ၈ စက္ကန့် အချိန်ကလည်း ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၁ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့က ကျောင်းသားလူငယ် ၃ ဦးကို အောက်တိုဘာ ၁၅ ရက်နေ့က အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
အခု ထောင်ဒဏ်ကျခံရတဲ့ မောင်ဂျူးလီ၊ မယွန်းလဲ့နန္ဒာနဲ့ မနန်းခမ်းဖူးမြတ်တို့ ကျောင်းသားလူငယ် ၃ ဦးဟာ ဖေဖော်ဝါရီ ၁၅ ရက်က ဖမ်းဆီးခံရတာဖြစ်ပြီး ရာဇသတ်ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ထောင်တွင်းတရားခွင်ကနေ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
“ကျနော်တို့ သားသမီးတွေ အဖမ်းခံရတာက နှစ်လပိုင်း ၁၅ ရက်နေ့ကပါ။ ဖမ်းခံရတဲ့ ၈ လပြည့်တဲ့နေ့မှာပဲ ထောင်တွင်း အထူးတရားရုံးကနေ မြို့နယ်တရားသူကြီး ဦးကြည်ယုက ထောင် ၃ နှစ်စီ ချလိုက်တယ်” လို့ ဖမ်းဆီးခံလူငယ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
ကျိုင်းတုံမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံရတဲ့ လူငယ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ဖမ်းဆီခံရစဉ်ကတည်းက အခုချိန်ထိ တွေ့ဆုံခွင့်မရ ကြသေးဘူးလို့လည်း သိရပါတယ်။
မိသားစုဝင်တစ်ဦးက “ကျနော်တို့ရဲ့ သားသမီးတွေနဲ့ မတွေ့ရတာ ရှစ်လ ရှိသွားပြီ။ စဖမ်းသွားတဲ့နေ့ကတည်းက မတွေ့ရတော့တာပဲ။ တဆင့်စကားနဲ့ ကြားရတာကတော့ သူတို့တွေ ကျန်းမာကြတယ်။ အခုလို ထောင်ချလိုက်လို့လည်း သူတို့ စိတ်ဓာတ်ကျမသွားဘူးတဲ့။ စိတ်ဓာတ်ကျတာဟာ စစ်အာဏာရှင်ကို အရှုံးပေးတာပဲဆိုပြီး ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းနေကြတယ်။ ကလေးတွေက စိတ်မာတယ်”လို့ ပြောပါတယ်။
ကျိုင်းတုံမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ စစ်ကောင်စီက ဖမ်းဆီးထားသူ အများအပြား ရှိနေပါတယ်။ အဲဒီထဲက ဦးမြင့်စိုး၊ ဦးမိုးအောင်၊ မောင်ဂျူးလီ၊ မမီဆော (ခ)နန်းရှဲန်လာ၊ မချော (ခ)ဒေါ်ခင်မမလှိုင်၊ နန်းခမ်းဖူးမြတ်နဲ့ မယွန်းလဲ့နန္ဒာ စုစုပေါင်း ၇ ဦးဟာ ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခံထားရပါတယ်။