close

ကျိုင်းတုံ

close

May 2, 2023

ကျိုင်းတုံ- မိုင်းလားလမ်းတွင် ခရီးသည်တင်ကား သစ်ပင်ဝင်တိုက်၊ ၁ ဦးသေ ၆ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းလားလမ်း၊ ကပ်ဖရွာအုပ်စု၊ နောင်ငင်းရွာနားက နောင်ငင်းဘုန်းကြီးကျောင်းအရှေ့မှာ မေ ၁ ရက် မနက်ပိုင်းက ခရီးသည် တင်ကား တစ်စီး သစ်ပင်ကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်မောင်းအပါ ၇ ဦးထဲက  ၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်က သိရပါတယ်။

ခရီးသည် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာတာတဲ့ အဲဒီကားဟာ မိုင်းလားဘက်ကနေ ကျိုင်းတုံကို မောင်းနှင်လာတဲ့ ဟွန်ဒိုင်း STAREX ကားဖြစ်ပြီး လမ်းမှာ မိုးရွာချိန် မနက် ၈ နာရီခွဲခန့်က စလစ်ဖြစ်ကာ လမ်းဘေးထိုးကျပြီး သစ်ပင်ကို တိုက်မိတာပါ။

ကျိုင်းတုံအခြေစိုက်ပရဟိတအသင်း တာဝန်ရှိသူ တဦးက "အားလုံးလူကြီး ၆ ယောက်၊ ကလေး ၁ ‌ယောက်ပါတယ်။ မိုင်းလားဘက်က လာကြတာ။ ကားဘီး စလစ်ဖြစ်ပြီး ဘေးက သစ်ပင်ကို တိုက်မိတာ အရှိန်နဲ့ဆိုတော့ ကားအရှေ့ဘက်ကြေသွားတာပေါ့၊ ယောကျ်ား တစ်ဦးက ရောက်က တည်းက DB ဖြစ်နေပြီ။ တစ်ဦးက ကားထဲညှပ်နေလို့ ကျိုင်းတုံ မီးသတ်က ရောက်လာပြီး ဆွဲထုတ်‌ ပေးရတယ်"လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပေါ်တဲ့နေရာကို ကျိုင်းတုံမြို့နယ်မီးသတ်ဌာန၊ မြို့ခံကယ်ဆယ်ရေးအသင်း တွေနဲ့ တခြားအရပ်ဖက်အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေအနက် စိုးရိမ်ဒဏ်ရာရ လူနာ ၄ ဦးကို ကျိုင်းတုံမြို့နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားတယ်လို့ သိရပြီး သေဆုံးသူကို ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။

1 min Ago

October 19, 2022

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းဈေးတွင် မိုင်းပေါက်ကွဲ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပြင်းမြို့ရှိ မြို့မဈေးကြီးထဲမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက်က မိုင်းပေါက်ကွဲပြီး ဈေးသည်အမျိုးသမီး တယောက်  ဒဏ်ရာရသွားပါတယ်။ 

မိုင်းပြင်းဈေးမှာ ကုန်စိမ်းရောင်းတဲ့ အသက် ၃၀ အရွယ် မမေသူဝင်းဟာ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတုန်း မိုင်းနင်းမိတာလို့ ဈေးဝယ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ ဈေးဝယ်သွားတော့ မနက် ၆ နာရီခွဲလောက်ဖြစ်မယ် ထင်တယ်။ လက်ဖက်ရည်ဆိုင်နား ရောက်တော့ ရှေ့မှာ ဗုံးဆိုတဲ့အသံ၊ အမလေး ကယ်ကြပါအုံးဆိုတဲ့ အော်သံကြားတယ်။ အစကတော့ ဂက်စ်အိုးပေါက်တယ် ထင်တာပေါ့။ နောက်မှ တာဝန်ရှိသူတွေ ရောက်လာမှ ပြောသံကြားတာတော့ မိုင်းပေါက်တာတဲ့။ အဲဒီမှာ ဈေးဆိုင်ခင်းမလို့ လုပ်နေတဲ့ မေသူဝင်းကို ထိသွားတာ။ သူ့ခြေတောက်တဖက် ပြတ်ထွက်သွားတယ်။ သနားဖို့သိပ်ကောင်းတယ်။”

မိုင်းထိသွားတဲ့ အမျိုးသမီးကို ဈေးသူဈေးသားတွေက ကျိုင်းတုံဆေးရုံကြီးကို ပို့ပေးလိုက်ပြီးနောက် စစ်ကောင်စီတာဝန်ရှိသူတွေက ဈေးမှာလာ စစ်ဆေးနေကြပါတယ်။  အဆိုပါ မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့တယ်ဆိုတာကိုတော့  မသိရသေးပါဘူး။ 

မိုင်းပြင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေလည်းမရှိဘဲ မိုင်းပေါက်ကွဲတဲ့အတွက် ထူးခြားနေတဲ့အကြောင်းနဲ့ ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေကပဲ လုပ်လုပ်၊ အများပြည်သူသွားလာနေတဲ့ နေရာတွေမှာတော့ မိုင်းလာမထောင်သင့်ဘူးလို့  မိုင်းပြင်းဒေသခံက ပြောပါတယ်။

7 months Ago
Up