စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာကို မီးရှို့သေနတ်ပစ်ဖောက်ပြီး ပြန်ထွက်လာတဲ့ ကံထူးမစခန်းကရဲကားတစ်စီး ရေဦး-ကလေးဝကားလမ်း ပဲခင်းကြီးသုဿန် အနောက်ဘက် တောင်ဘို့ရင်းတံတားနားမှာမိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲ ၆ ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနက်အစောကြီး ကျီကုန်းဘက်ထွက်သွားတဲ့ ကံထူးမစခန်းကရဲကားအပြန်မိုင်းထိတာတဲ့၊ ကံထူးမစခန်းထဲ ငိုသံရော ဆဲသံရော သေနတ်သံရောဆူညံနေတာပဲ၊ ရဲတစ်ယောက်က သေနတ်နဲ့ စခန်းအပြင်ထွက်ပြေးလာပြီး ပစ်မယ်ခတ်မယ်လုပ်လို့ လိုက်ဆွဲနေတာလည်း မြင်တယ်”လို့ ကံထူးမဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲခံရတဲ့ရဲကားပေါ်မှာ ရဲအင်အား ၁၅ ယောက်လောက် ပါသွားကာ ရဲ ၆ ယောက် ဒဏ်ရာပြင်းထန်ပြီး လူမှုကူညီကယ်ဆယ်ရေးကားတွေ ထွက်သွားကြတယ်လို့ တန့်ဆည်မြို့ခံတစ်ဦးက ဆိုပါတယ်။
တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စုရှိ ကျီကုန်း (တောင်)ရွာကို စက်တင်ဘာ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့သလို ဒီနေ့မနက်လည်း ကျီကုန်း(မြောက်)ရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့မှာ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီလောက်ကလည်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး လမ်းဆုံဈေးသစ်အနောက်နားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်း (တောင်) ရွာကို စက်တင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံ ပြည်သူလူထုတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု ကျီကုန်းရွာကို စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ စစ်တပ်က ထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၅ လုံးထက်မနည်း မီးလောင်သွား တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတဦးက “မနေ့က မီးရှို့သွားတာက ကျီကုန်းတောင်ရွာပါ၊ ဒီနေ့ကျီကုန်းမြောက်ရွာကို မီးရှို့နေပြန်ပြီ။ အဲဒီမြောက်ရွာက အိမ်ခြေစိပ်တယ်၊ လောင်ရင်အကုန်တွန်းလောင်မှာ။ အခုတော့ နေအိမ် ၅ လုံးလောက် တက်ကြွလှုပ်ရှားသူနဲ့ NLD ထောက်ခံသူတွေရဲ့နေအိမ်တွေကို ရွေးပြီး မီး ရှို့သွားတယ်” လို့ ပြောပါတယ်။
ကျီကုန်းရွာကို တန့်ဆည်က စစ်ကောင်စီတပ်က စစ်ကားအသေးတစ်စီးနဲ့ ကံထူးမက လိုက်ထရက်ကားတစ်စီး အရပ်ဝတ်တွေနဲ့ မနက်အစောပိုင်း သွားရောက်ပြီး ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့တာလို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာကို စက်တင်ဘာ ၂၂ ရက်ညက ရဲမိသားစု အသတ်ခံရတာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာလည်း စစ်တပ်ကလာရောက်ကာ လူနေအိမ်တွေကို မီးရှို့သွားလို့ လူနေအိမ် ၁၈ လုံးလောက်နဲ့ စပါး ၆၀၀ လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။