close

ကျုံပျော်မြို့နယ်

close

May 7, 2023

ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးသုံးကြိမ်ပေါက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒဏ်ရာရ

ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ ဒီနေ့ မနက် ၈ နာရီက ဗုံးသုံးကြိမ်ပေါက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်ဆန်းရပ်ကွက် မြို့နယ်အားကစားကွင်းနဲ့ ကပ်လျက်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ မနက် ဗုံးပေါက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"ထွေအုပ်ရုံးက ပုသိမ်-မုံရွာလမ်းပေါ်မှာရှိတာ ရဲစခန်းရော၊ ထွေအုပ်ရော၊ ခလရ ၃၆ ရောရှိတယ်။ ဗုံးပေါက်တယ်ဆိုပြီး မြို့နယ်မှူးတွေ စီမံဥက္ကဋ္ဌ တွေရောက်လာမှ နောက်နှစ်လုံးထပ်ပေါက်တာ၊ မြို့နယ်ရဲမှူးတွေရောက်လာမှ ပေါက်တာ။"

ပေါက်ကွဲမှု့ဖြစ်ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှုးကို လူနာတင်ယာဥ် နဲ့ ကျုံပျော်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"သတင်းကတော့မှန်တယ်၊ ကျနော်သိတာနှစ်ယောက် သူတို့က မြို့နယ်မှူးပဲ ထိတယ်လို့ပြောတယ်။ အမှန်က စီမံဥက္ကဋ္ဌလည်းထိတယ်။ အခု ခလရ ၃၆ က တွေ့သမျှ လူကို ဖုန်းတွေရော ဆိုင်ကယ်တွေရော စစ်တာ။"

လက်တလောမှာ ကျုံပျော်မြို့နယ် ဌာနဆိုင်ရာရုံးရှေတွေမှာ  တပ်နဲ့ ရဲတွေက ပိတ်ဆို့စစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၆ ရက် မနက်ကလည်း မြို့နယ်ထွေအုပ်ရုံးနဲ့ရဲစခန်းနားမှာ ဗုံးပေါက်ကွဲခဲ့ လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

30 seconds Ago

March 23, 2023

ကျုံပျော်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာမှာ မတ်လ ၂၂ ရက် ညနေ ၆ နာရီဝန်းကျင်က ရပ်ကျေးဥက္ကဋ္ဌဖလားပြိုင်ပွဲက ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းဖျားကျေးရွာအုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်စီးလာသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူက အုပ်ချုပ်ရေးမှူးဖြစ်တာ နှစ်ပတ်တောင် မပြည့်သေးဘူး၊ မတ်လ ၆ ရက်မှဖြစ်တာ။ သူ့အိမ်နားမရောက်ခင် ပစ်သွားတာ၊ နှစ်ချက်ထိပြီး သေသွားတယ်။”

ဘောလုံးပွဲကပြန်လာတဲ့ အင်းဖျားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းစန်းကို သူ့ရဲ့နေအိမ်အနီး အ.လ.က.ကျောင်းရှေ့မှာ ဆိုင်ကယ်စီးလာသူတွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရင်ဘတ်တချက်၊ ကျောကုန်းတချက် ထိတယ်၊ ပွဲချင်းပြီးပဲ။ မြို့နယ်ဆေးရုံကိုပို့လိုက်တယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အင်းဖျားကျေးရွာ အပါအဝင် ကျေးရွာတချို့ကို ဒီနေ့ နေ့လယ်အထိ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

1 month Ago
Up