ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်းက ပျူစောထီးအဖွဲ့ဝင် တယောက်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျွဲခြံထောင့်အုပ်စု၊ သပြေငူကျေးရွာက စစ်မှုထမ်းဟောင်း ပျူစောထီးအဖွဲ့ဝင် ဦးသန်းဝင်း နေအိမ်ကို မနက် ၃ နာရီလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျုံပျော်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
“ဗုံးပေါက်တာတော့ ဟုတ်တယ်။ မနက်အစောပိုင်းက ဖြစ်သွားတာ တော်တော်စောတယ်။ ၃ နာရီကျော်လောက် ဖြစ်သွားတာ ထိခိုက်တာမျိုးတော့မရှိဘူးကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့ ပျူစောထီးအဖွဲ့ဝင်ရှိတဲ့ ရွာကို မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာသားတွေကို စစ်ဆေးခဲ့သလို မြို့ဝင်ထွက်လမ်းတွေကိုလည်း ပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။
ကျုံပျော်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းကလည်း မြို့နယ် EPC ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်၊ မြို့ချောင်းကျေးရွာနဲ့ ကျိုက်ပါကျေးရွာကြားရှိ Mytel တာဝါတိုင်ကို ကျုံပျော်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့က နို၀င်ဘာလ ၁၂ ရက် မနက် မနက် ၆ နာရီမှာ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
ကျုံပျော်မြို့မှာ Mytel တာဝါတိုင်ကို ပထမဆုံးအကြိမ်ဖောက်ခွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နိုင်တာကြောင့် သတိထားသွားလာကြဖို့ ကျုံပျော်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ကျုံပျော်မြို့နယ်အတါင်း ကျေးရွာလျှပ်စစ်မီတာ အတင်းအကျပ်ကောက်ခံနေသူတွေကို ထိရောက်စွာ တုံ့ပြန်သွားမယ်လို့ ကျုံပျော်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့က နို၀င်ဘာလ ၁၀ ရက်နေ့မှာ သတိပေးထားပါတယ်။
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ပစ်မှတ်တွေကို မြို့ပြပြောက်ကျားအဖွဲ့တွေက တိုက်ခိုက်တာတွေ ပြုလုပ်နေကြောင်း သိရပါတယ်။