close

ကျူးကျော်နေအိမ်များ

close

September 12, 2021

မန္တလေး ကျူးကျော်နေအိမ်များကို အမြန်ဆုံးဖယ်ရှားရန် စစ်တပ်က ခြိမ်းခြောက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် အရှေ့ခြမ်းရှိ ကျူးကျော်နေအိမ်တွေကို အမြန်ဆုံးဖယ်ရှားပေးကြဖို့ စစ်ကောင်စီတပ်သားတွေက  ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနေရာမှာ ကျူးကျော်နေထိုင်သူ အများအပြားရှိပြီး စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာလ ၁၄ ရက်နောက်ဆုံးထားဖယ်ပေးဖို့ စက်တင်ဘာလ ၇ ရက်နေ့က လာရောက်ပြောဆိုတယ်လို့ ဆိုကြပါတယ်။

“ဖယ်မပေးရင် ဘူဒိုဇာနဲ့ ထိုးမယ်။ သေနတ်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်။ အခုတော့ တချို့တွေ ရွှေ့ပြောင်းတာလုပ်နေပြီ။ ကျူးကျော်နေတဲ့သူက ၄၄ လမ်း တစ်လျှောက်ပဲ။ အိမ်ခြေရာနဲ့ချီပြီး ရှိတယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။

လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကြောင့် ကျူးကျော်နေထိုင်သူတွေမှာ အလုပ်အကိုင်အဆင်မပြေဘဲ စားဝတ်နေရေး အခက်အခဲရှိကြတယ်လို့ သိရပါတယ်။

4 mins Ago

May 22, 2020

ကျူးကျော်နေအိမ်များကြောင့် ရေကြီးရေလျှံမဖြစ်ရေးလုပ်ရန် ခက်ခဲနေဟု ရန်ကုန်ဒုမြို့တော်ဝန် ပြော

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေက ရေမြောင်းတွေမှာ ကျူးကျော်နေအိမ်တွေ ဆောက်ထားတာ ရှိနေတာကြောင့် ရေကြီးရေလျှံမှုမဖြစ်အောင်လုပ်ဖို့ ခက်ခဲနေတယ်လို့ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန်က ပြောပါတယ်။ ရန်ကုန်မြို့မှာ နှစ်စဉ်ရေကြီးရေလျှံမှုမဖြစ်ဖို့ ရေမြောင်တွေပြုပြင်တာ၊ နောက်ဖေးလမ်းကြားတွေ ရှင်လင်းတာ၊ ရေနှုတ်မြောင်းတွေ ရှင်းလင်းတာ လုပ်ဆောင်နေပေမယ့် ရေကြီးရေလျှံမှုက ဆက်လက်ဖြစ်ပေါ်နေတာပါ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ရေကြီးရေလျှံမှုမဖြစ်အောင် လုပ်ဆောင်နေပေမယ့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ကလွဲလို့ ရေမြောင်းနေရာတွေမှာ နေအိမ်တွေ ကျူးကျော်တည်ဆောက်ထားတာကြောင့် အောင်မြင်ဖို့မလွယ်ဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  ပြောပါတယ်။   ရန်ကုန်စည်ပင်အနေနဲ့ ရေကြီးရေလျှံမှုမဖြစ်ဖို့ မိုးမကျခင်ကတည်းက ရှိတဲ့ယန္တရားတွေနဲ့ ပျက်စီးနေတဲ့ ရေမြောင်းတွေ ပြန်လည်ပြုပြင်ပေးနေပြီး ခေတ်အဆက်ဆက် ရေမြောင်းဘေးတွေမှာ နေအိမ်ဆောက်ထားတာကြောင့် လုပ်ရတာ အခက်အခဲဖြစ်နေတယ်လို့ ဒုမြို့တော်ဝန်ဦးစိုးလွင်က ပြောပါတယ်။ ရန်ကုန်မြို့မှာ ရေစီးရေလာကောင်းမွန်ဖို့အတွက် လမ်းမကြီးတွေကို ဖြတ်ဖောက်ပြီး အုပ်စီရေမြောင်းတွေဖောက်ဖို့၊ အဓိကကျတဲ့ ရေမြောင်းတွေတူးဖို့နဲ့ အုပ်စီရေမြောင်းတွေလုပ်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။ တောင်ဒဂုံမြို့နယ်မှာတော့ ရေမြောင်းဖောက်မှု စနစ်တကျမလုပ်ခဲ့တာကြောင့် နှစ်စဉ်မြေသားမြောင်းတွေ ပြန်လည်တူးဖော်နေရတဲ့အပေါ်  အုပ်စီရေမြောင်းတွေ လုပ်ပေးဖို့လိုတယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးသိန်းနိုင်က ပြောပါတယ်။ ရန်ကုန်မြို့မှာ ရေစီးရေလာမဖြစ်အောင်လုပ်ဖို့ ကျူးကျော်နေအိမ်တွေအပြင်  စက်ယန္တရားလည်း အဓိကလိုအပ်နေပြီး အစိုးရက ဘတ်ဂျက်ချပေးမှ အဆင်ပြေမယ်လို့လည်း ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။ ရန်ကုန်မြို့မှာ ရေစီးရေလာကောင်းဖို့၊ ရေမြောင်းပြုပြင်ဖို့အတွက် အရင်နှစ်ကချထားပေးတဲ့ ဘတ်ဂျက်နဲ့ဆောင်ရွက်နေတာဖြစ်သလို အခုနှစ်အတွက် လျာထားဘတ်ဂျက်ကိုတော့ ဇွန်လထဲ ကျင်းပမယ့် ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုဖို့ ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
1 year Ago
Up