ရန်ကုန်၊ မန္တလေးနဲ့ ပဲခူး အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့တိုင်းလိုလိုမှာ ကျူးကျော်ရပ်ကွက်တွေကို စစ်ကောင်စီက အဓမ္မဖိအားပေး ဆက်လက်ရှင်းလင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အရင်က ကျူးကျော်ရပ်ကွက်က နေအိမ်တွေကို မြို့နယ်အလိုက် ရှင်းလင်းတာ ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တပြိုင်တည်းရှင်းဖို့ ဇန်နဝါရီ ၂ ရက်ကတည်းက ရပ်ကွက်အလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖိအားပေး လိုက်လံ သတိပေးနေတယ်လို့ ကျူးကျော်ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
မန္တလေးက ညောင်ကွဲရပ်ကွက် အောင်ချမ်းသာရပ်ကွက်နဲ့ တခြားကျူးကျော်ရပ်ကွက်တွေ၊ ရန်ကုန် ဖယ်ရှားဖို့ ကျန်နေသေးတဲ့ လှိုင်သာယာ၊ ဒလ၊ ဆိပ်ကမ်းမြို့နယ်တွေနဲ့ ရထားသံလမ်းဘေး နေပြည်သူတွေတွေကို ဖယ်ရှားရှင်းလင်းနေတာပါ။
ပဲခူးအစရှိတဲ့ တိုင်းဒေသကြီးတွေရဲ့ မြို့နယ်တချို့မှာတော့ ဇန်နဝါရီ ၁၂ ရက်ထက် နောက်မကျဘဲ ပြောင်းရွှေ့ဖို့၊ နေအိမ်အဖျက်ပြဖို့တွေ လုပ်ဆောင်ရမယ်လို့ ပြောဆိုထားပါတယ်။
ကျူးကျော်ရပ်ကွက်နေ ရပ်ကွက်နေ ပြည်သူတစ်ဦးက "အကြမ်းဖက်စစ်ကောင်စီကတော့ ကျနော်တို့ရပ်ကွက်တွေမှာ PDF တွေ အများဆုံးစုနေတတ်တယ် ခိုလှုံတတ်တယ်ဆိုပြီး လာရောက်စစ်ဆေးတာတွေ ရှာဖွေတာတွေ ရှိတယ်။ အခုလည်း ဒီအတွက်ပဲ အမြန်ပြောင်းရွှေ့ခိုင်းတာလို့မြင်ပါတယ်။ မနက်ဖြန်မှ တစ်ခုခု အဖျက်မပြနိုင်ရင်တော့ တစ်ခုခုလုပ်မယ် ထင်ပါတယ်“လို့ ပြောပါတယ်။
ဖယ်ရှားရှင်းလင်းခံရတဲ့ ပြည်သူသောင်းနဲ့ချီ ရှိနေပြီး သူတို့အတွက် စစ်ကောင်စီက တစုံတရာနေထိုင်ရေးစီစဉ်ပေးတာမျိုးလည်း မရှိပါဘူး။
ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေဟာ စားဝတ်နေရေး မပြေလည်သူတွေများတာကြောင့် အခုလို စစ်အာဏာသိမ်းမှုနဲ့၊ ကိုဗစ်ကြောင့် စီးပွားရေး ကျပ်တည်းနေတဲ့အတွက် ချက်ချင်း ပြောင်းရွှေ့ဖို့ကလည်း အခက်အခဲရှိနေကြပါတယ်။
ကျူးကျော်ရပ်ကွက်နေ ပြည်သူတစ်ဦးက "အသနားခံစာတင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ အကြောင်းတော့ထူးမယ်မထင်ဘူး။ တချို့မြို့ခံတွေကလည်း ကျူးကျော်ရပ်ကွက်တွေကို ပျောက်သွားစေချင်ကြတယ်။ ကျူးကျော် ရပ်ကွက်တွေက ဒုစရိုက်မှုတွေနဲ့ အကြမ်းဖက်တာတွေ ရှိနေတော့ သူတို့ပပျောက်စေချင်တာတော့ မမှားပါဘူး။ ကျနော်တို့အနေနဲ့လည်း စီးပွါးရေးအကျပ်အတည်းကြောင့် ခိုကိုးစရာနေရာတစ်ခုအဖြစ်နဲ့ ဒီနေရာမှာ မှီခိုနေရတာပါ။"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေကို အတင်းအကျပ် ဖယ်ရှားတာတွေကို ရပ်တန့်ဖို့နဲ့ ပြောင်းရွှေ့ပေးရတဲ့ နစ်နာသူမိသားစုတွေကို စားစရာနဲ့ ထောက်ပံ့ကြေးငွေပေးဖို့ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေက တောင်းဆိုထားပါတယ်။
စစ်အာဏာမသိမ်းခင် အန်အယ်လ်ဒီအစိုးရဟာ ကျူးကျော်တွေအတွက် စာရင်းကောက်ယူမှုတွေ၊ စမတ်ကတ်တွေထုတ်ပေးတာနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်ဖို့တွေ လုပ်ဆောင်ပေးခဲ့ပေမဲ့ ဒီအစီအစဉ် မပြီးပြတ်သေးခင် အာဏာသိမ်းခံခဲ့ရပါတယ်။
စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ကျူးကျော်ရပ်ကွက်က ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေက အပြင်းအထန်အကြမ်းဖက် ဖြိုခွင်းတာတွေလည်း လုပ်ဆောင်ခဲ့ရပါတယ်။
ကျူးကျော်ရပ်ကွက်တွေဟာ PDF ရဲဘော်တွေ ခိုလှုံနိုင်တယ်ဆိုပြီး ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေကို အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေတာလို့ ယူဆသူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာလည်း ကျူးကျော်ရပ်ကွက်တွေကို စစ်ကောင်စီက အကြမ်းဖက် ဖယ်ရှားမှုတွေကြောင့် ကျူးကျော်ရပ်ကွက်နေ မိသားစု ၈၀၀၀ ကျော် လူဦးရေ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီ ထောက်ပံ့ကြေး မရရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းထားချိန်ကို အခွင့်ကောင်းယူ အာဏာသုံးပြီး ကျူးကျော်တွေကို ဖယ်ရှားရှင်းလင်းကာ ဒီနေရာတွေမှာ စစ်ကောင်စီနဲ့ နီးစပ်ရာ အပေါင်းပါတွေဟာ မြေကွက်ရိုက်ရောင်းစားတာတွေ လုပ်ဆောင်နေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရန်ကုန်စက်မှုဇုန်တွေမှာ စက်ရုံတွေ ဆက်တိုက်ပိတ်နေတာကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး နေစရိတ် အိမ်လခမပေးနိုင်တော့တဲ့အတွက် ကျူးကျော်ရပ်ကွက်တွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားသားလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့မဖြစ်နိုင်တော့တဲ့အတွက် စက်ရုံတွေပိတ်ပြီး ပြည်တွင်းကနေ ဆက်တိုက်ထွက်ခွာနေကြတာပါ။
စက်ရုံတွေပိတ်ကုန်တဲ့အတွက် သိန်းနဲ့ချီတဲ့ စက်ရုံလုပ်သားတွေဟာ အလုပ်လက်မဲ့ပြဿနာနဲ့ရင်ဆိုင်နေကြပါတယ်။ စက်ရုံတွေဆက်တိုက်ပိတ်သိမ်းရာမှာ နိုင်ငံခြားသားလုပ်ငန်းရှင်တချို့ကတော့ ဥပဒေနဲ့အညီ လုပ်သားတွေ ရသင့်ရထိုက်တာကိုပေးပြီး ပိတ်သိမ်းကြပေမယ့် စက်ရုံသူဌေးအများစုက လုပ်သားတွေရဲ့ ရပိုင်ခွင့်ကိုမပေးဘဲ ပိတ်သိမ်းခဲ့ကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ယောက်က ပြောပါတယ်။
အလုပ်သမားတွေဟာ အိမ်လခမပေးနိုင်ကြတော့တဲ့အတွက် ကျူးကျော်ရပ်ကွက်တွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပြီး ရန်ကုန်မှာ ရှေ့ဆက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေအတိုင်းဆက်သွားရင် အလုပ်သမားတွေဟာ အငတ်ဘေးဆိုက်တော့မယ်လို့ ရန်ကုန်အခြေစိုက်အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကို ဦးစားပေး ဆောင်ရွက်နေရတဲ့အတွက် အလုပ်သမားတစ်ဦးချင်းစီအတွက် ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။
လတ်တလောမှာ ထိရောက်တဲ့အကူအညီမပေးနိုင်သေးဘူးဆိုပေမယ့် ပြဿနာကိုဖြေရှင်းဖို့နည်းလမ်းကိုတော့ ကြိုးစားရှာဖွေနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်သက်ဆိုးမရှည်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းဖို့ နိုင်ငံတကာက ဖိအားပေးနေတာ စီးပွားရေးပိတ်ဆို့မှုတွေလုပ်နေတာဟာ စစ်ကောင်စီအပေါ်မှာ သာမက အခြေခံလုပ်သားတွေအပေါ်မှာပါ အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပါတယ်။
ဒီအခြေအနေမှာ အလုပ်သမားတွေရဲ့ ရေရှည်အခွင့်အရေးတွေကိုပြန်ရဖို့ အလုပ်သမားတွေဟာ အဆိုးဆုံးအခြေအနေကို ကြိုတင်စဉ်းစားပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့လိုတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မမိုးစန္ဒာမြင့်က တိုက်တွန်းပါတယ်။
အလုပ်သမားတွေအခက်အခဲဖြစ်နေသလိုပဲ ပြည်တွင်းက နိုင်ငံသားပိုင်အသေးစားနဲ့ အလတ်စားစက်ရုံတွေကလည်း လက်ထဲမှာငွေသားမရှိတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံဘက်က ကုန်ကြမ်းဝယ်ဖို့ ယွမ်ငွေဈေးတွေတက်နေပြီး မြန်မာငွေကို လက်မခံတဲ့အတွက် အလုပ်လုပ်ဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်မယ့်အခြေအနေတွေကို မြင်နေရပေမယ့် ကူညီနိုင်တဲ့အင်အားမရှိဘူးလို့လည်း စက်ရုံလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
မြန်မာနိုင်ငံက စက်ရုံတွေမှာ တရုတ်၊ ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံတွေက လုပ်ငန်းရှင်တွေအများဆုံးလာရောက် ရင်းနှီးမြှုပ်နှံနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေဆိုးရွားလာတာကြောင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်လာကြတာဖြစ်ပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ အစိုးရရဲ့စီးပွားရေးယန္တရားပျက်စီးတာ၊ စစ်ကောင်စီကို ဆန့်ကျင်ဖို့ နိုင်ငံတကာက ကုန်မှာယူတင်သွင်းမှုရပ်ဆိုင်းတာတွေကြောင့် လုပ်ငန်းရှင်တွေဟာ မြန်မာပြည်တွင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံခြားစက်ရုံလုပ်ငန်းရှင်တွေဟာ ဧပြီလဆန်းလောက် ကတည်းက မြန်မာပြည်တွင်းကနေ ဆက်တိုက်ထွက်ခွာနေတာဖြစ်ပြီး အခုမေလကုန်မှာ အကုန်လုံးနီးပါး ထွက်ခွာကြလိမ့်မယ့် ပြည်တွင်းလုပ်ငန်းရှင်တွေက မှန်းဆ ပြောပါတယ်။