close

ကျူးဘားရေပိုင်နက်

close

July 19, 2021

ကျူးဘားရေပိုင်နက်အနီး အမေရိကန်ကမ်းရိုးတန်းစောင့်တပ် ကင်းလှည့်

အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဟာ ကျူးဘား ရေပိုင်နက်နားက အမေရိကန်ရဲ့ ဖလော်ရီဒါ ရေလက်ကြားမှာ ဇူလိုင် ၁၇ ရက်က စပြီး ကင်းလှည့်နေပါတယ်။

ကွန်မြူနစ် ဦးဆောင်တဲ့ ကျူးဘားနိုင်ငံအတွင်း မကြုံစဖူး ဆန္ဒပြနေသူတွေနဲ့ သွေးစည်းကြောင်း ပြတဲ့ အနေနဲ့ ကျူးဘားကို သွားဖို့ စီစဉ်နေတဲ့ သင်္ဘောအုပ်စုနဲ့ မပူးပေါင်းဖို့ အမေရိကန် အမိမြေ လုံခြုံရေးဝန်ကြီးဌာနက ဖလော်ရီဒါပြည်နယ်က လှေရှင်တွေကို ထိထိရောက်ရောက် သတိပေး ထားပါတယ်။

လှေသင်္ဘောအုပ်စုဟာ ဖလော်ရီဒါ တောင်ပိုင်းကနေ ကျူးဘားကို ဇူလိုင် ၁၉ ရက်မှာ စတင် ထွက်ခွာဖို့ မျှော်လင့်ရပါတယ်။

အစီအစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကနေ ကျူးဘား ရေပိုင်နက်ထဲကို ခွင့်ပြုချက်မရှိဘဲ သွားရင် တရားမဝင်ဘူးလို့ အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာနက ဇူလိုင် ၁၅ရက်မှာ စာထုတ်ခဲ့ပါတယ်။

“တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေဟာ အဖမ်းခံရမယ်။ သင်္ဘောတွေ လှေတွေကို သိမ်းဆည်းခံရမယ်။ အရပ်ဘက်နဲ့ ရာဇဝတ်မှု ဆိုင်ရာ ဒဏ်ငွေ အမေရိကန် ဒေါ်လာ နှစ်သောင်းခွဲ ပေးဆောင်ရမယ့်အပြင် ထောင်ဒဏ်ဆယ်နှစ် ပြစ်ဒဏ်ကို ရင်ဆိုင်ရမယ်” လို့  ဝန်ကြီးဌာနက စာထုတ် သတိပေး ထားပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ ဖလော်ရီဒါ တောင်ပိုင်းကနေ ကျူးဘား ရေပိုင်နက်ထဲကို ရွက်လွှင့်မယ့် ဇိမ်ခံ အပန်းဖြေ လှေလုပ်ငန်းရှင်တွေကိုလည်း ဖလော်ရီဒါ ရေလက်ကြားက ရေပြင်က မခန့်မှန်းနိုင်ဘဲ အန္တရာယ်ရှိလို့ ပင်လယ်ကို မထွက်ကြဖို့ ကမ်းရိုးတန်း စောင့်တပ်က တိုက်တွန်းခဲ့ပါတယ်။

လတ်တလော လတွေအတွင်း ကျူးဘား ရွှေ့ပြောင်း နေထိုင်သူတွေ စီးလာတဲ့ ရေယာဉ်တွေ ဖလော်ရီဒါ ရေလက်ကြားမှာ နစ်မြုပ်အပြီး ရှာဖွေ ကယ်ဆယ်မှု သီးခြားကိစ္စ နှစ်ရပ်အတွင်း ကျူးဘား ရွှေ့ပြောင်းနေထိုင်သူ အယောက် ၂၀ လောက် ရှာမတွေ့ဘဲ ပျောက်နေတယ်လို့ ကမ်းရိုးတန်းစောင့် တပ် အကြံပေးအဖွဲ့က ပြောခဲ့ပါတယ်။

ထောင်ချီတဲ့ ကျူးဘား နိုင်ငံသားတွေဟာ နိုင်ငံအတွင်း အခြေခံ ကုန်စည်တွေ ပြတ်လပ်မှု၊ အရပ်သားလွတ်လပ်ခွင့်တွေကို ထိန်းချုပ် ကန့်သတ်မှု၊ ကိုဗစ်-၁၉ ကူးစက်မှု တိုးလာတာကို အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံ တွေကို မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာလို့ ရိုက်တာ သတင်းဌာနက သတင်းထုတ်ထားပါတယ်။ 

5 mins Ago
Up