ကျူးဘားမှာ ဒီလအစောပိုင်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေရှိတဲ့အတွက် ကျူးဘားလုံခြုံရေး ၀န်ကြီးနဲ့ ပြည်ထဲရေး၀န်ကြီးဌာန အထူးတပ်ဖွဲ့တွေကို ဇူလိုင် ၂၂ ရက်မှာ အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့ပါတယ်။
ဆယ်စုနှစ်တွေအတွင်း ကျူးဘားကိုတိုက်ခိုက်ဖို့ အကြီးမားဆုံး ဆန္ဒပြပွဲတွေအတွက် ပိုမိုကြီးမားတဲ့ ထောက်ခံမှုကိုပြသဖို့ အမေရိကန်ဥပဒေပြုအမတ်တွေနဲ့ ကျူးဘား - အမေရိကန် အသိုင်းအဝိုင်းတို့ကနေ တောင်းဆိုနေကြတာကြောင့် ခုလိုဒဏ်ခတ်အရေးယူမှုဟာ ကျူးဘား ကွန်မြူနစ်အစိုးရအပေါ် ဖိအားပေးဖို့ သမ္မတဂျိုးဘိုင်ဒင်အစိုးရရဲ့ ပထမဆုံး ထင်ထင်ရှားရှား လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနကတော့ ဒီအရေးယူပိတ်ဆို့မှုတွေကို ပြည်ထဲရေး၀န်ကြီးဌာန လုံခြုံရေးအဖွဲ့ တခုလုံးနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ လက်အောက်ငယ်သားတွေရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ရှိတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ၀န်ကြီး ဗိုလ်ချုပ် အယ်လ်ဗာရိုလိုပက်ဇ်မီရာ တို့ကို ချမှတ်လိုက်တာလို့ ပြောကြားပါတယ်။
ကျူးဘားနိုင်ငံခြားရေး၀န်ကြီး ဘရူနိုရိုဒရီဂွှက်ဇ်က ဒီဒဏ်ခတ်အရေးယူမှုကို အခြေအမြစ်မရှိ၊ ရန်လိုမှုအဖြစ် ပယ်ချလိုက်ကြောင်း သူ့ရဲ့တွစ်တာမှာ ပြောကြားထားပြီး အမေရိကန်ပြည်ထောင်စုကိုလည်း ဒီလိုလုပ်ဆောင်မှုတွေကို ကျင့်သုံးဖို့ "နေ့စဉ်ဖိနှိပ်မှုနဲ့ မူဝါဒပိုင်းအကြမ်းဖက်မှု” ဆိုပြီး ကိုယ်ပိုင်မှတ်တမ်း လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ထောင်နဲ့ချီတဲ့ ကျူးဘားပြည်သူတွေဟာ အခြေခံကုန်ပစ္စည်း ရှားပါးမှုနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်စေတဲ့ စီးပွားရေးအကျပ်အတည်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။
သူတို့ဟာ အစိုးရရဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါအပေါ် စီမံပုံနဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေကို တားဆီးပိတ်ပင်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒင်ကတော့ ကတော့ သမ္မတဟောင်း ထရမ့်ပ်ရဲ့ ကျူးဘားမူဝါဒအချို့ကို ပယ်ဖျက်မယ်လို့ ၂၀၂၀ မဲဆွယ်လှုပ်ရှားမှုအတွင်းမှာ ကတိပြုခဲ့ပါတယ်။