close

ကျောက်ကြီးမြို့နယ်

close

October 28, 2022

ကျောက်ကြီးမြို့နယ်၌ ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ၊ KNU/KNLA -PC အဖွဲ့ဝင် တပ်ရင်းမှူး၏ နေအိမ် ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း စစ်တောင်း တံတားကနေ အောက်တိုဘာ ၂၈ ရက် ဒီမနက် ၉ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တောင်ကြောင်ပေါက်ကျေးရွာ ဝါးပင်စုက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ပြည်သူတွေနေတဲ့ ရွာထဲကို ညတိုင်း လက်နက်ကြီးနဲ့ နှစ်လုံးလောက် ပစ်တာမှာ ရွာအပြင်ဘက်ပဲ ကျပြီး အခု မနက်တော့ ရွာထဲကျတာကြောင့်  ရွာသူ ရွာသား နှစ်ယောက် မျက်စိ၊ ရင်ဘတ်နဲ့ ပေါင်တို့မှာ ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ကေအန်ယူ တပ်မဟာ ၃ တပ်ရင်း ၉ နယ်မြေမှာ အခုနှစ်ထဲ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျပြီး အမျိုးသား နှစ်ယောက်၊ အမျိုးသမီးတယောက် သေဆုံးကာ ကလေးငယ်တွေ အပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၇ နယ်မြေ မိဖလယ်ကျေးရွာ(ခ)နောင်ကိုင်းကျေးရွာမှာတော့ KNU ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့  KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် တစ်ယောက်ရဲ့ နေအိမ်ကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက် မနေ့ ည ၇ နာရီလောက်က ဝင်ရောက်ပစ်ခတ်သွားတယ်လို့  ကျေးရွာနေထိုင်သူ တဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး စောဝင်းကျော် နေအိမ်ကို မနေ့ညက ဝင်ရောက်ပစ်ခတ်ရာမှာ အိမ်မှာနေတဲ့  တပ်ရင်းမှူးဇနီး နော်ဖောဝါး အသက်(၃၈)နှစ် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

သေဆုံးသွားသူဟာ မိဖလယ်ကျေးရွာနဲ့ အနီးနားကျေးရွာတွေမှာ မူးယစ်ဆေးဝါးရောင်းတာ၊ အာဝါဒေး လောင်းကစားဝိုင်းဖွင့်တာနဲ့ တခြားဥပဒေမကင်းတဲ့လုပ်ငန်းတွေ လုပ်နေတာကြောင့် ဒေသခံနဲ့ ဘုန်းတော်ကြီးတွေက မလုပ်ဖို့ပြောပေမဲ့ မရပ်ဘဲ ဆက်လုပ်နေသူဖြစ်တယ်လို့ သေဆုံးသွားသူရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန် အိမ်တွင်းမှာ တပ်ရင်းမှူးနဲ့ တပ်သားတချို့နေထိုင်ကြကာ နေအိမ် နဲ့ တပ်ရင်းမှူး ရဲ့ကားလည်း မီးလောင်ကျွမ်းသွားပါတယ်။ 

သေဆုံးတဲ့ နော်ဖောဝါးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၈ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ သင်္ဂြိုဟ်သွားဖို့ရှိပါတယ်။

6 mins Ago

September 22, 2022

ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီက လေကြောင်းမှပစ်ခတ်ပြီး တပ်ရိက္ခာများချပေး

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ပြီး တပ်အတွက် စားနပ်ရိက္ခာတွေကို လေယာဉ်ပေါ်ကနေ ပစ်ချခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က တောင်ငူလေတပ်စခန်းကနေ ထွက်ခွာလာတဲ့ Mi-17 Military Transport Helicopter ၁ စီးနဲ့ Mi-35 Attack Helicopter ၁ စင်းဟာ နယ်မြေကျော်ဝင်ရောက်ပြီး ထိုးစစ်ဆင်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စားရိက္ခာထုပ် ၉ ထုပ် လာရောက်ပစ်ချပေးခဲ့ပါတယ်။

အဆိုပါနေ့ ညနေ ၄ နာရီခွဲလောက်မှာ လေကြောင်းကနေ လေယာဉ် ၁ စီး လာရောက်ခဲ့သလို ထပ်မံပြီး ညနေ ၅ နာရီလောက်မှာ နောက်ထပ်လေယာဉ် ၂ စီးနဲ့ မိနစ် ၃၀ ကျော်ကြာ ကင်းထောက်ပျံသန်းတာတွေ လုပ်ဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက်က ကျောက်ကြီးမြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ လေယာဉ် ၂ စီးနဲ့ လာရောက်ကာ ကင်းထောက်ပျံသန်းခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဃိုးလူကျေးရွာအတွင်းကို လေကြောင်းကနေ ၃ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်က တပ်မဟာ ၅ နယ်မြေဘက်ကနေ စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်တဲ့ စစ်ကြောင်းဟာ ကျောက်ကြီးမြို့နယ်အတွင်းကို ပြန်ဆင်းလာပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သလို စက်တင်ဘာ ၁၇ ရက်က ကား ၆ စီးနဲ့အတူ လူအင်အား ၅၀ ကျော် ထပ်မံဖြည့်တင်းပြီးနောက် သံဆိပ်မင်းလမ်းကျေးရွာကနေ ဘောကထာကျေးရွာအထိ လမ်းလုံခြုံရေးအတွက် ချထားခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက် ၅ နာရီခွဲလောက်က ရှေ့တန်းထိုးစစ်ဆင်ဖို့အတွက် ဘောကထာတပ်စခန်းကို ကား ၉ စီးနဲ့အတူ လူအင်အား ၁၅၀ လောက် ထပ်မံအင်အားဖြည့်တင်းဖို့ ရောက်ရှိလာပြီး ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်ကစတင်ပြီး ကေအန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီက နယ်မြေကျော် ထိုးစစ်ဆင် ဝင်ရောက်လာခဲ့တဲ့အတွက် ဒီကနေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၆,၀၀၀ ကျော် ရှိခဲ့ရာက စက်တင်ဘာ ၁ ရက်ကစပြီး ၁၄ ရက်နေ့အထိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် ထပ်တိုးလာလို့ ၁၇,၀၀၀ ကျော်လာပါတယ်။ 

မုန်းမြို့နယ်အတွင်းမှာတော့ ဒီနှစ် ဇူလိုင်လအထိ စစ်ဘေးရှောင်ပြည်သူ ၁၂,၀၀၀ ကျော် ရှိခဲ့ရာက စက်တင်ဘာ ၁၃ ရက်နေ့အထိ ၆,၀၀၀ ကျော် ထပ်တိုးလာတဲ့အတွက် ၁၈,၀၀၀ ကျော်အထိ ရှိလာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

1 month Ago
Up