ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ မမယမ်းကျေးရွာ၊ ကျားသေတော(အင်းဝိုင်းကြီး)စားကျက်မြေကို ဇွန် ၁၉ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က နတ်သံကွင်းကနေ ကျားသေတော(အင်းဝိုင်းကြီး)စားကျက်မြေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် စားကျက်တွင်း ကျွဲနွားကျောင်းနေတဲ့ ဒေသခံတွေနဲ့ တိရစ္ဆာန်တွေကို ထိမှန်မှာစိုးရိမ်တဲ့အတွက် ကျေးရွာအတွင်းကို ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျားသေတော(အင်းဝိုင်းကြီး)စားကျက်မြေဟာ ဘိုးဘွားစဉ်ဆက်ကတည်းက တိရစ္ဆာန်ကျက်စားတဲ့မြေနေရာအဖြစ် သတ်မှတ်ထားခဲ့ရာ မဆလ၊ နဝတ၊ နအဖနဲ့ အစိုးရအဆက်ဆက်က စိုက်ပျိုးရေးစီမံကိန်းပြုလုပ်ဖို့ ကျေးရွာအသီးသီးက ဒေသခံပြည်သူတွေကို အဓမ္မလုပ်အားပေးဆင့်ခေါ်ပြီး ခုတ်ထွင်ရှင်းလင်းတာတွေ ပြုလုပ်ပေးခဲ့ရပါတယ်။
အဆိုပါ စားကျက်မြေနေရာကို အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့တောင်သူတချို့ကို စိုက်ပျိုးလုပ်ကိုင်ဖို့ ရောင်းချပေးထားတဲ့အပြင် လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ(၇) ထုတ်ပေးထားတဲ့အတွက် ဒေသခံပြည်သူတွေ တပိုင်တနိုင်မွေးမြူထားတဲ့ ကျွဲနွားတိရစ္ဆာန်တွေအတွက် စားကျက်မြေနေရာမရှိတော့တဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
စားကျက်မြေနေရာဟာ ကေအန်ယူရဲ့ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုခဲ့တဲ့အတွက် ကေအန်ယူရဲ့ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်အတိုင်းရပ်တည်ပြီး အမိန့်ညွှန်ကြားချက်တွေကို နှစ်စဉ်နှစ်တိုင်း ကေအန်ယူ-မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနက ထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်။
စားကျက်မြေအတွင်း လုပ်ကိုင်ခွင့် ပုံစံ(၇) ရရှိထားတဲ့ တောင်သူတွေဟာ ကေအန်ယူရဲ့ ညွှန်ကြားချက်အတိုင်း ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နေတာတွေ ရပ်နားလိုက်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ ကျွဲနွားတိရိစ္ဆာန်တွေကျက်စား ထိန်းကျောင်းခွင့် ပြန်လည်ရရှိခဲ့တဲ့ စားကျက်မြေနေရာလို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အဖွဲ့အစည်းတစ်ခုခုက ဘယ်လုပ်ငန်းမဆိုဆောင်ရွက်လိုရင် သက်ဆိုင်ရာမြို့နယ် အဖွဲ့အစည်းထံခွင့်ပြုချက်ရယူပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ရမယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှာ မတ်လ ၂ ရက်နေ့က ဒေသခံတောင်သူ ၁၀၀၀ ကျော်လောက်က လှည်းအစီးရေ ၁၀၀ ကျော်နဲ့ ဆန္ဒပြနေကြပါတယ်။
ကျောက်ကြီးမြို့၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ဝက်လာတောကျေးရွာအုပ်စု၊ မမယမ်းကျေးရွာ အုပ်စု၊ ပတ္တာလားကျေးရွာအုပ်စုက ကရင်တိုင်းရင်းသား တောင်သူ ၁၀၀၀ ကျော်က လှည်းအစီးရေ တစ်ရာကျော်နဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို အလိုမရှိတာကြောင့် ကျေးရွာအုပ်စုလေးအုပ်စုက ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို KUN ကသာဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်သူဖြစ်တဲ့ စောခြားဖိုးက ပြောပါတယ်။
ဒီဒေသမှာ စစ်အာဏာရှင်ဆန္ဒပြရာမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အများစုဟာ တောင်သူတွေ ဖြစ်ပါတယ်။
"ကျနော်တို့ရဲ့ ဒေသအတွက် KNU ကို တောင်းဆိုထားတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို အလိုမရှိလို့ KNU ကိုတောင်းဆိုရတာ ဖြစ်တယ်၊ တော်လှန်ရေး မအောင်မမြင်ချင်း ဆက်လက်လုပ်ဆောင်သွားမယ် "
ဆန္ဒပြရာမှာ စစ်အာဏာရှင်အလိုမရှိ၊ တိုင်းရင်းသားဒေသအတွင်း နယ်ချဲ့ဝါဒီများ အလိုမရှိ၊ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ထူထောင်ရေး ဒို့အရေး၊ စစ်ကောင်စီမှချမှတ်ထားသော အုပ်ချုပ်ရေး အလိုမရှိ၊ မတရားဖမ်းဆီးခံရသူများ လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေး ကြွေကြော်ကာ ကျေးရွာအုပ်စုတွေမှာ လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။