ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေနဲ့ မော်လူး၊ မော်ဟန် ရတနာနယ်မြေတို့ရှိ ကျောက်စိမ်းရိုင်း တူးဖော်တဲ့ လုပ်ငန်းတွေကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာ့အလင်းသတင်းစာကနေ ဧပြီ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ဖို့၊ ကျောက်မျက်သယံဇာတတွေ သားစဉ်မြေးဆက် ရေရှည်ထုတ်ယူ သုံးစွဲနိုင်နိုင်ဖို့ ရပ်နားခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဖားကန့် ရတနာမြေမှာ စစ်အစိုးရအဆက်ဆက် စစ်ဗိုလ်ချုပ်တွေနဲ့ မိသားစုဆွေမျိုးအသိုက်အဝန်းရဲ့ ကုမ္ပဏီတွေ၊ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေ၊ ခရိုနီသူဌေးတွေက နှစ်ပေါင်းများစွာ စက်ယန္တရားကြီးတွေနဲ့ ကျောက်မျက်တွေ တူးဖော်ခဲ့ကြသလို၊ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကျောက်မျက်တွေ စိတ်တိုင်းကျ တူးဖော်ခဲ့ကြပြီးနောက်မှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းကလည်း လုံးခင်း၊ ဖားကန့် ရတနာနယ်မြေနဲ့ မော်လူး၊ မော်ဟန် ရတနာနယ်မြေတို့မှာ ကျောက်စိမ်းရိုင်း တူးဖော်တဲ့ လုပ်ငန်းတွေကို ကိုဗစ်ထိန်းချုပ်ရေးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ ဆက်လက်တူးဖော်နေကြဆဲဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ တပိုင်တနိုင် ရေမဆေးကျောက်ရှာဖွေသူတွေကတော့ မြေစာပုံပြိုကျပြီး နှစ်စဉ် သေဆုံးလေ့ရှိတာလည်းဖြစ်ပါတယ်။
လုံးခင်း၊ ဖားကန့် ဒေသတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး မော်လူး၊ မော်ဟန်အနီး စစ်ကောင်စီဘက်က ရိက္ခာတွေ သယ်ဆောင်မှု ပြုလုပ်လေ့ရှိတာကြောင့် KIA နဲ့ စစ်ကောင်စီတပ်ကြား လမ်းကြောင်းတလျှောက် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဩဂုတ်လလယ်ပိုင်းလောက်ကစပြီး စစ်ကောင်စီက ဖားကန့်မြို့ကို အင်တာနက် ဖြတ်တောက်ထားတာဟာ ၇ လကျော်ရှိနေပြီ ဖြစ်ပါတယ်။