close

ကျောက်စိမ်းလုပ်ကွက်

close

April 5, 2023

ဖားကန့်ကျောက်စိမ်းလုပ်ကွက်တခုကို စစ်ကောင်စီတပ်က ဝင်စီးပြီး ရေမဆေးလုပ်သား ၃၀ ခန့်ကို ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာအနီးက စိန်စိန်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တခုကို ဧပြီ ၃ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အား ၄၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျောက်စိမ်းတူးဖော်တဲ့ ဘက်ဟိုး အစီး ၂၀ နဲ့အတူ ရေမဆေးလုပ်သား ၃၀ ထက်မနည်းကို ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မှော်စီစာဒေသခံ ရေမဆေးလုပ်ကိုင်သူတဦးက “အရပ်ဝတ်တွေလည်းပါတယ်။ စစ်ကြောင်းထိုးလာပြီးတော့ ဝင်ဖမ်းသွားတာ၊ အရင်ကလည်း ဖမ်းဖူးတယ်။ အဓိကတော့ ငွေညှစ်ချင်တာပေါ့။ ဘက်ဖိုးဆို တစီး သိန်းနှစ်ရာ၊ သုံးရာထိတောင်းပြီး ပြန်ရွေးခိုင်းတယ်လေ” လို့ ပြောပါတယ်။

ဘက်ဟိုးမောင်းနှင်သူတွေနဲ့ ရေမဆေးလုပ်သားတွေကို ဘာကြောင့်ဖမ်းဆီးသွားပြီး လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

ရေမဆေးလုပ်ကိုင်နေသူတဦးက “ဝင်စီးပြီး ခေါ်သွားတာပါပဲ။ ဘာမှဖြေရှင်းလို့မရသေးဘူး။ ဘယ်နေရာမှာပါ၊ ဘယ်လောက်နဲ့ လာရွေးပါလို့လည်း မပြောသေးဘူး” လို့ ပေြာပါတယ်။

ဒီစစ်ကြောင်းထိုးလာတဲ့အတွက် ကျောက်စိမ်းလုပ်ကွက်တချို့ ရပ်နားထားပြီး ကုမ္ပဏီတွေကလည်း မြေသယ်ယာဥ်တွေ၊ ဘက်ဟိုးတွေကို  သိမ်းဆည်းနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရင်တုန်းကလည်း အခုလို ခြိမ်း​ခြောက်ငွေညှစ်တာတွေ လုပ်လေ့ရှိပြီး သတ်မှတ်အချိန်ကျော်လွန်ပြီး အလုပ်လုပ်ကိုင်တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကိုလည်း မကြာခဏဆိုသလို ဒဏ်ကြေးငွေတောင်းခံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

12 hours Ago

February 16, 2023

ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှ အရပ်သား ၁၅ ဦးထက်မနည်းကို စစ်တပ် ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်စီစာကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

အောင်သာယာရပ်ကွက်မှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၅ ဦးထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်သာယာရပ်ကွက် ဒေသခံတစ်ဦးက“ညနေ ၅ နာရီလောက် အောင်သာယာရပ်ကွက်မှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ကို  ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကို ဝင်ရောက်ဖမ်းဆီးတာပါ။ စစ်တပ်က အင်အား ၃၀ ကျော်လောက် ရှိမယ်။ ပြည်သူ ၁၅ ယောက်လောက် ဖမ်းခံရတယ်။ စစ်တပ်က ကြိုးတုပ်ပြီး ဖမ်းသွားတာ။ သေနတ်ပစ်သံတွေလည်း ကြားရတယ်။ ဘာကြောင့်ဖမ်းလဲတော့ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျောက်စိမ်းလုပ်ကွက်ကို ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကို ကြိုးတုပ် ဖမ်းဆီးကာ သေနတ်ပစ်ခတ်ခဲ့တဲ့အတွက် အခင်းဖြစ်ပွားရာ နေရာအနီးက ကျောက်စိမ်းလုပ်ကွက်တွေလည်း ရပ်နားသွားခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ ဖေဖော်ဝါရီ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

2 months Ago
Up