ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းက အိမ်ထောင်စု ၆၀ ကျော်ဟာ အခုနေထိုင်နေကြတဲ့ စခန်းမြေနေရာကို ဆက်လက်ငှားရမ်းလို့ မရတော့တာကြောင့် စခန်းပြောင်းရွှေ့နေကြရပြီး နေစရာအခက်အခဲဖြစ်နေကြတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဝါးတောင်စစ်ဘေးရှောင်စခန်းဟာ ကျေးရွာသား ၂ ယောက်ရဲ့ လယ်မြေတွေကို ငှားရမ်း တည်ဆောက်ထားကြတာဖြစ်ပြီး မြေပိုင်ရှင် တယောက်က မြေမငှားတော့တာကြောင့် အခုစခန်းနဲ့ ၂ မိုင်ခန့်အကွာ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအနီးကို ပြောင်းရွှေ့နေကြရတယ်လို့ စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက ပြောပါတယ်။
"ဝါးတောင်စခန်းဆောက်ထားတဲ့ မြေပိုင်ရှင်က မြို့နယ်ထွေအုပ်ကိုရော ULA နယ်မြေရုံးတွေကိုပါ တိုင်တန်းထားတာကြောင့် ဘယ်လိုမှ နေလို့မရတော့ဘူး။ မြေပိုင်ရှင်က ၂ ယောက်ရှိတာ။ တဦးကတော့ ဆက်ပြီးငှားရမ်းလို့ ရသေးတယ်။ အခု ငှားရမ်းလို့ မရတော့တဲ့ မြေမှာနေထိုင်ကြတဲ့ အိမ်ထောင်စု ၆၆ စုဟာ ၂၈ ရက်ကတည်းက တောင်မင်းကုလားစစ်ဘေးရှောင်စခန်းနားကို ပြောင်းရွှေ့နေကြရပြီး အိမ်တွေဆောက်ဖို့ တော်တော်လေးကို အခက်ခဲဖြစ်နေကြတယ်"
အခုပြောင်းရွှေ့ခဲ့ရတဲ့ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေအပါဝင် နေစရာ အိမ်ဆောက်ဖို့ကအစ အခက်အခဲတွေအများကြီး ရှိနေတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
"အခု သောက်သုံးရေ အခက်အခဲတော့ ရှိတယ်။ နောက်အခုလောက် ပူပြင်းတဲ့အချိန်မှာ အိမ်တွေ ဆောက်ဖို့ တာပေါ်လင်တွေ၊ ဝါးတွေ စုံစုံလင်လင်မရှိဘဲ အခက်အခဲတွေ ဖြစ်နေကြတယ်။ ဟိုဘက်က ဖြိုဖျက်ပြီး ယူလာတာကလည်း ဟောင်းနေပြီဆိုတော့ ဆွေးသွားတာတွေ များတယ်။ အဓိကအခက်အခဲကတော့ အိမ်ရဲ့ အမိုးအကာတွေက အခုလောလောဆယ် အခက်အခဲဖြစ်တယ်။"
ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၈၀၀ ကျော် နေထိုင် ကြတာဖြစ်ပြီး မြေနေရာငှားရမ်း မရတာကြောင့် အိမ်ထောင်စု ၆၆ စုက လူဦးရေ ၃၇၀ လောက် ရွှေ့ပြောင်းသွားကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဝါးတောင် စစ်ဘေးရှောင်စခန်းမှာ ကျောက်တော်မြို့နယ် ယိုးချောင်းအတွင်းရှိ ခမောင်း၊ ကင်ဘိ၊ လေကွီ၊ ပညာကြီး၊ ငစရိုင်းကိုင်း၊ သိမ်းချောင်း၊ ချင်မဝန်တောင်း၊ တဲဝ စတဲ့ကျေးရွာတွေက ဒေသခံ တွေ ခိုလှုံနေကြတာ ဖြစ်ပါတယ်။
အခု ရွှေ့ပြောင်းနေကြရတဲ့ ဝါးတောင်စစ်ဘေးရှောင်စခန်းဟာ ၂၀၁၈ ခုနှစ်ကတည်းက စစ်ဘေးရှောင်နေကြရတဲ့ သက်တမ်းရှည်စစ်ရှောင်စခန်းတွေ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် လူငယ် ၃ ဦးဟာ မတ်လ ၂၀ ရက်နေ့က ဝိုင်ဖိုင်တိုင် ထူစိုက်ရာမှ ဓာတ်လိုက်ပြီး ကျောက်တော်ရုံမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အခုဓာတ်လိုက်ပြီး ဆေးရုံတင်ထားရတဲ့ သူတွေဟာ ကျောက်တော်မြို့ မဟာကံကြီးရှင် စစ်ဘေးရှောင်စခန်းက မောင်းအေးလှထွန်း (၁၇နှစ်)၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းက မောင်အောင်သိန်းထွန်း (၁၈ နှစ်)၊ မောင်ကျော်ဆန်း (၁၈ နှစ်)တို့ဖြစ်ကြပါတယ်။
သူတို့ ၃ ဦးဟာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ Mytel ဝိုင်ဖိုင်တိုင် စိုက်ထူနေကြချိန်မှာ အနီးက ဓာတ်မီးတိုင်နဲ့ထိပြီး ဓာတ်လိုက်ကြတာလို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
"သူတို့ Mytel ဝိုင်ဖိုင်တိုင် စိုက်နေကြတာ အဲဒီအချိန်မှာ မိုးလည်းရွာနေတော့ သူတို့စိုက်နေတဲ့တိုင်က အနီးက ဓာတ်တိုင်က မီးကြိုးနဲ့ထိသွားတယ်လို့သိရတယ်။ အဲဒီမှာ ဓာတ်လိုက်တာဖြစ်တယ်။ ဒဏ်ရာတွေက နည်းနည်းတော့များတယ်။ သိပ်စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ဘူး။"
ဓာတ်လိုက်သွားတာကြောင့် မောင်အေးလှထွန်းမှာ ခြေနှစ်ဖက်လုံး၊ မောင်အောင်သိန်းက မေ့စေးနဲ့ လက်နှစ်ဖက်လုံး၊ မောင်ကျော်ဆန်းက ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြရပါတယ်။
ကျောက်တော်မြို့က စစ်ရှောင်တွေဟာ စစ်ကောင်စီက ရိက္ခာထောက်ပံ့မှုတွေ မရှိတာကြောင့် စားဝတ်နေရေေအတွက် ကြုံရာအလုပ်ကို လုပ်ကိုင်နေကြရတယ်လို့ သိၕပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းကလည်း စစ်တွေမြို့မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်သူ လူငယ် ၃ ဦး ဓာတ်လိုက်တာကြောင့် တဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြပါတယ်။
ဓာတ်ပုံ-ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း