မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသမှာ သြဂုတ် ၅ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို ကျောက်ထု-PDF(YRPA)က ပြောက်ကျားစနစ်နဲ့ ချုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တယောက်သေဆုံးကာ ငါးယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု-PDF ကနေ သိရပါတယ်။
ကျောက်ထု-ရွှေအောင်သာလမ်းပိုင်းမှာ သြဂုတ် ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကျောက်ထုအမြောက်တပ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်အင်အား ၁၀၀ လောက်ကို လက်နက်ငယ်တွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ကျောက်ထု-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ပြောပါတယ်။
စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ လယ်ဆောကျေးရွာမှ ညအိပ်စခန်းချတဲ့အတွက် အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ အဆိုပါကျေးရွာက ရွာသူရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
ဗိုလ်ရန်ကင်းက “ဒေသခံပြည်သူတွေကတော့ စစ်(...)တွေ စင်ကြောင်းထိုးလာလို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်။ ကျနော်တို့ ဘက်မှာကတော့ ပုံမှန် ၂ ရက်ခြား ၃ ရက်ခြား လောက် စစ်ကြောင်းထိုးနေလို့ ထွေထွေထူးထူးတော့မရှိဘူး။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ မိုင်းထောင်မိုင်းခွဲ တာတွေမှာ ပြည်သူတွေမထိခိုက်အောင် ဂရုစိုက်ပေးတယ်လို့ဆိုပါတယ်။ ကျနော်တို့ဘက်မှာက ရွာတွေ တော်တော်များများကတော့ တကယ်လို့ စစ်(...)တွေလာရင် ရှောင်ဖို့ တဲတွေ ဆောက်ထားပြီးကြိုတင်ပြင်ဆင်ထားတာရှိတယ်။ စစ်(...)တွေကလည်း အကြာကြီးတော့မနေဘူး။ တစ်ညလောက်အိပ်ပြီး ပြန်ထွက်သွားရင်ရွာထဲကို ပြန်ဝင်ကြတယ်။ စားဖို့အတွက်ကတော့ ဆန်တွေဆီတွေ ကြိုတင်ပြင်ဆင်ထားတယ်။”လို့ ပြောပါတယ်။
ကျေးရွာတွေမှာ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက ဦးဆောင်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးတယ်လို့ ဗိုလ်ရန်ကင်းက ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
မကွေးတိုင်း၊ ဆောမြို့နယ်ကျောက်ထုဒေသမှာ ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောက်ထု-PDF(YRPA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျောက်ထု-PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ကျောက်ထုမြို့ဘက်ကနေ တပြင်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အား ၁၂၀ လောက်ဟာ ဇူလိုင် ၂၃ ရက် ညနေ ၅နာရီလောက်က တပြင်းရွာကို မရောက်ခင် ပုံညာအရောက်မှာ ကျောက်ထု-PDF ကထောင်ထားတဲ့ တိုက်မိုင်းအကြီး ၄ လုံး ဆက်တိုက်မိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု-PDFရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးဒဏ်ရာရသူများပြားလို့ အဲဒီနေ့ ညနေပိုင်းမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်က ဖောကားနဲ့ လာသယ်သွားတယ်လို့ သိရပြီး အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
“ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းက ပုံညာမှာ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အပြန်အလှန် ထိတွေ့တိုက်ပွဲ ၁ နာရီလောက်ဖြစ်ပွားခဲ့တယ်။ ဒီနေ့တိုက်ပွဲမှာတော့ စစ်(...)တွေဘက်က သေဆုံး ထိခိုက်သူ အရေအတွက်ကို မသိရသလို ကျနော်တို့ဘက်က ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံးမရှိခဲ့ဘူး”လို့ ဗိုလ်ရန်ရှင်းက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။