close

ကျောက်ထုမြို့

close

March 9, 2022

ကျောက်ထုမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း ကျောက်ထုမြို့မှာ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ ကျောက်ထု PDF က ပြောပါတယ်။

ကျောက်ထုရဲစခန်းကနေ မြို့ထဲကို လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၂၀ လောက်ကို မနေ့မနက် ၈ နာရီခွဲလောက်မှာ ကျောက်ထု PDF၊ မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ CDF မင်းတပ်တို့ ပူးပေါင်းကာ မိုင်း ၃ လုံး ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ကျောက်ထု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲစခန်းဘက်က တပ်ကူမလာနိုင်အောင်လို့ ကျောက်ထု PDF လက်နက်ကြီးတပ်ဖွဲ့က ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပေးခဲ့ရာ ရဲစခန်းထဲမှာ ဘယ်လောက်ထိခိုက် သေဆုံးတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ကျောက်ထု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူလူထုပို့သတဲ့ မေတ္တာကြောင့် ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကျောက်ထုမြို့နယ်ထဲကို စစ်ကောင်စီက ရဟတ်ယဉ်တစီးနဲ့ စစ်ကူတွေ၊ လက်နက်ခဲယမ်းတွေ လာချသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်သွားကြတယ်လို့ ပြောပါတယ်။

ကျောက်ထုအမြောက်တပ်က တင့်ကား ၂ စီးကို ဘဏ်နားမှာရပ်ပြီး စစ်ဆေးတာတွေ ပြုလုပ်ကာ ရမ်းသမ်းပစ်ခတ်ပြီး မြို့ထဲက ပြည်သူတွေကို အိမ်အပြင်မထွက်ရအမိန့် ထုတ်ထားသလို စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးနားက အပြစ်မဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးသွားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

7 mins Ago

October 19, 2021

ကျောက်ထုမြို့၌ မိုးရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ဂုံဘိုတံတား ချဉ်းကပ်လမ်းပျက်စီး

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့မှာ အောက်တိုဘာ ၁၉ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး ယောချောင်းရေတိုက်စားတာကြောင့် ဂုံဘိုတံတား ချည်းကပ်လမ်း ပျက်စီးသွားပြီး ပခုက္ကူ-မင်းတပ် လမ်းပြတ်တောသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ထုမြို့နဲ့  ချင်းတောင်တို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ယောချောင်းရေတိုက်စားပြီးတော့ ကျောက်ထု-ပန်းဆန်ကို ဖောက်လုပ်ထားတဲ့ ဂုံဘိုတံတား ချည်းကပ်လမ်းပျက်စီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ချင်းတောင်ကနေ ရွာတဲ့မိုးကြောင့် ယောချောင်းရေ တစ်ဟုန်ထိုး ကျလာပြီး ပန်းဆန်ရွာ ဘက်အခြမ်းက ဂုံဘိုတံတားရဲ့ ချည်းကပ်လမ်း ရေတိုက်စားပြီးတော့ လုံးဝပြတ်ထွက်သွားတာကြောင့် ဆိုင်ကယ်တွေ၊ ကားတွေ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။

အဲဒီတံတားဟာ ပခုက္ကူ-မင်းတပ် ကားလမ်းပေါ်မှာ တည်ရှိပြီးတော့ မင်းတပ်မြို့ကနေ့ ပခုက္ကူ၊ မန္တလေးမြိုတွေကို သွားလာရတဲ့ အဓိက အချက်ချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် အမြန်ဆုံး ပြုပြင်ပေးစေလိုတယ်လို့ ပြောပါတယ်။

အဲဒီတံတားရဲ့ဘေးမှာ တံးတား အသစ်တစ်စင်း ဆောက်လုပ်နေပေမယ့် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ယာယီရပ်နားထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ယောချောင်းရေတိုက်စားပြီးတော့ လျှပ်စစ်မီးတိုင်တွေပါ ​လဲပြိုတာကြောင့် ကျောက်ထုမြို့ မြောက်က်အခြမ်းက ကျေးရွာတွေမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

5 months Ago
Up