close

ကျောက်ထုံးကြီး

close

August 19, 2022

ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာမှာ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ လောက် ကျေးရွာအတွင်းကို မနက် ၉ နာရီလောက်က စတင်ဝင်ရောက်လာပြီး နေ့လယ်ပိုင်း ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။       

"အင်အားကတော့ ၈၀ လောက်ရှိတယ်။ မနက် ၉ နာရီလောက်က ရောက်လာပြီး နေ့လယ် ၁၂ နာရီလောက်မှာ ဈေးတန်းနားက အိမ်တွေကိုစရှို့တော့တာပဲ။" 

စစ်ကောင်စီတပ်က  ကျေးရွာနေအိမ်တွေကို မီးရှို့နေတာကြောင့်  ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

“ကျေးရွာက ပြည်သူတွေကတော့ ထွက်ပြေးနေကြပြီ။ နေ့လယ်ပိုင်းအထိတော့ အိမ် ၁၀ လုံးလောက် မီးလောင်နေပြီ။  ကျနော်တို့လည်း ဘေးလွတ်ရာရှောင်လာရတော့ ဘယ်နှလုံး မီးထဲပါသွားပြီလည်း မသိရဘူး။" 

သြဂုတ် ၃ ရက်နေ့ကလည်း ကျောက်ထုံးကြီး တိုက်နယ်ကျေးရွာနေ ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

9 hours Ago
Up