ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းဒူကမ်းခြေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင်ပို့မယ့် စီးကရက် အတောင့် ၂,၄၀၀ ကို ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ စီးကရက်တွေကတော့ Yun Yan စီးကရက် အတောင့် ၇၀၀၊ Nanjiang စီးကရက် အတောင့် ၂၅၀၊ Jijum စီးကရက် အတောင့် ၁၅၀၊ Yuxi စီးကရက် အတောင့် ၅၀၊ Fupongunay စီးကရက် အတောင့် ၅၀ နဲ့ စီးကရက်မျိုးစုံ အတောင့် ၁,၂၀၀ စုစုပေါင်း စီးကရက် ၂,၄၀၀ ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တာပါ။
ကျောက်ပန်းဒူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပုက "မနေ့က နေ့လယ်ပိုင်းမှာ ကမ်းခြေမှာ စီးကရက်အထုပ်တွေ ဖမ်းမိတာ။ လှေပါဖမ်းမိတယ်။ လူတွေတေ့ာ မတွေ့ဘူး"လို့ ပြောပါတယ်။
အဲဒီစီးကရက်တွေကို ကျောက်ပန်းဒူကမ်းခြေမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင် ပို့ဆောင်ဖို့ ပြင်ဆင်နေတုန်း အင်းဒင်နယ်မြေစခန်းက သတင်းအရ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အင်းဒင်နယ်မြေစခန်း တာဝန်ရှိသူတွေထံက သိရပါတယ်။
စီးကရက် အပါအဝင် ဆေးပေါ့လိပ်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်တင်သွင်းခွင့်မှာ အခွန်မြှင့်ထားတဲ့အတွက် စီးပွားရေးသမားတွေက စီးကရက်နဲ့ ဆေးပေါ့လိပ်တွေကို အခုလို မှောင်ခိုလမ်းကြောင်းကတဆင့် တရားမဝင် ပို့ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
သိမ်းဆည်းရမိတဲ့ စီးကရက်တွေရဲ့ ပိုင်ရှင်ကို ဖမ်းဆီးရမိဖို့ ကြိုးစားနေပြီး စီးကရက်အတောင့် ၂,၄၀၀ ကိုတော့ အင်းဒင်နယ်မြေစခန်းမှာ သိမ်းဆည်းထားပါတယ်။