ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းအတွက် လျှပ်စစ်မီးသွယ်တန်းဖို့ လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ငါးဖမ်းသမားတွေကို ငါးဖမ်းခွင့် တလပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် အုန်းကျွန်းက လျှပ်စစ်မီးသွယ်တန်းနေတာကြောင့် မဒေးကျွန်းနဲ့ သစ်ပုတ်တောင်ရွာက ကျားပိုက်ငါးဖမ်းသမားတွေကို ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး တလကြာ ငါးဖမ်းခွင့် ပိတ်လိုက်တယ်လို့ သစ်ပုတ်တောင်ကျေးရွာက ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
"အုန်းကျွန်းက စစ်တပ်စခန်းကို လျှပ်စစ်မီးကြိုးသွယ်တန်းနေကြတာရှိတယ်။ အဲဒီမှာ စစ်တပ်က သင်္ဘောတွေ သွားလာနေကြတယ်။ အဲဒါကြောင့် ရေတပ်က လာပြောသွားတယ်။ ဒေသခံတွေက ဒီငါးဖမ်းလုပ်ငန်းနဲ့ အဓိက သက်မွေးဝမ်းကျောင်း နေကြတာ။ အခုလို ငါးဖမ်းခွင့် ပိတ်တော့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီက ကျားပိုက်ငါးဖမ်းသမားတွေကို တလ ငါးဖမ်းခွင့် ပိတ်ပင်ထားတယ်လို့ ပြောဆိုထားပေမဲ့ အချိန်ဘယ်လောက်အထိ ကြာမြင့်သွားမယ်ကို အတိအကျ ခန့်မှန်းလို့ မရနိုင်သေးဘူးလို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ရေနက်ဆိမ်ကမ်းစီမံကိန်းနဲ့ ရွှေဂက်စ်ဓာတ်ငွေ့ထုတ်လုပ်နေမှုတွေကြောင့် ရေနံတင်သင်္ဘောတွေ သွားလာနေကြတာကြောင့် ငါးတွေအရင်လို့ ဖမ်းလို့မရတော့ဘူးလို့ပြော ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
မဒေးကျွန်းနဲ့ သစ်ပုတ်တောင် ကျေးရွာတွေမှာ ကျားပိုက်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူ ၂၀ နီးပါးခန့်ရှိတယ်လို့သိရပါတယ်။
ကျောက်ဖြူနဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့က ပင်လယ်ပြင်တွေမှာ စစ်ကောင်စီက မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်လေ့ကျင့်တာကြောင့် ငါးဖမ်းလုပ်ငန်းတွေ မကြာခဏ ဆိုသလို ရပ်တန့်ထားရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်မှာ လျှပ်စစ်ဓာတ်အားလိုင်းကြိုးတွေတပ်ဆင်ထားပြီး ထရမ်စဖော်မာတွေတည်ဆောက်ထားတာဟာ ၆ လကျော်ရှိလာပေမဲ့ လျှပ်စစ်မီးမရသေးတာကြောင့် အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
လိပ်တင်ကျေးရွာနေ ဦးဘလှိုင်က “ကျနော်တို့ရွာမှာ အရင်တုန်းကတော့ ကိုယ်ပိုင်မီးစက်နဲ့နေခဲ့ကြတယ်၊ နောက်ပြီးတော့ တတ်နိုင်တဲ့လူတွေက ဆိုလာပြားသုံးကြတယ်။ ဒါပေမဲ့ ကုန်သွားတဲ့ ၂ လပိုင်းကစပြီးတော့ EPC က ဒီမှာလျှပ်စစ်ရမယ်ဆိုပြီးတော့ လာလုပ်ကြတာပေါ့။ ဒီကရွာသားတွေကတော့ ပိုပြီးတော့ဝမ်းသာအားရရှိကြတာပေါ့။ အမှန်တော့ လျှပ်စစ်ဆိုတာကတော့ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခရာကျတဲ့ ကိစ္စပေါ့နော်၊ လျှပ်စစ်ရလာတာနဲ့အမျှ ကျေးရွာရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဏ္ဍပေါင်းစုံတိုးတက်လာမှာပေါ့၊ ဒါကြောင့်မို့လို့ ကျနော်တို့ ကျေးရွာသားတွေက လျှပ်စစ်ကို အလျင်အမြန်လိုချင်နေကြတာ” လို့ ပြောပါတယ်။
အခုလို ကျေးရွာအတွင်းမှာ လျှပ်စစ်ဓာတ်ကြိုးသွယ်တန်းထားပြီး ထရမ်စဖော်မာတွေတပ်ဆင်ထားပေမဲ့ လျှပ်စစ်မီးမရသေးတဲ့အတွက် မီးဖိုချောင်မှာ အချိန်များစွာပေးနေရတယ်လို့ လိပ်တင်ကျေးရွာနေ ဒေါ်မြင့်မြင့်ဝင်းက အခုလိုပြောပါတယ်။
“ကျနေတို့ရွာမှာက လျှပ်စစ်မီးကတော့ မရသေးပါဘူး။ မီးကြိုးတွေတော့ သွယ်ထားပြီပေါ့နော်၊ ထရမ်စဖော်မာတွေလည်း ထိုင်ထားပြီးပြီ။ အခုမီးမရတဲ့အခါကျတော့ ချက်ရပြုတ်ရတာလည်း ထင်းနဲ့ပဲလုပ်ရတော့ အဆင်မပြေဘူးပေါ့၊ အဲလိုမျိုးအခက်အခဲတွေရှိတာပေါ့နော်။ အဲဒါကြောင့် လျှပ်စစ်မီးကိုတော့ လိုချင်ပါတယ်။ ချက်ရပြုတ်ရတာ လျင်မြန်သက်သာလာမယ်၊ သစ်တောတွေမှာသွားပြီးတော့ ထင်းခွေစရာမလိုတော့ဘူး၊ တောတွေတောင်တွေ သွားစရာမလိုတော့ဘူး။ လျှပ်စစ်မီးနဲ့ပဲ ချက်ရေးပြုတ်ရေးက အဆင်ပြေသွားမှာပါ၊ မီးပူတွေကအစပေါ့။”
ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်ဓတ်အားကြိုးသွယ်တန်းထားပြီးတဲ့ ကျေးရွာပေါင်း ၂၂ ရွာရှိကာ အဆိုပါကျေးရွာတွေကို လာမဲ့ဇန်နဝါရီလအတွင်း လျှပ်စစ်မီးအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ကျောက်ဖြူခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ကျေးရွာပေါင်း ၂၄၉ ရွာရှိပြီး လျှပ်စစ်မီးရရှိတဲ့ ကျေးရွာ ၈၆ ရွာရှိကာ လာမဲ့လအတွင်း ကျေးရွာ ၂၂ ရွာမှာ လျှပ်စစ်မီးရရှိလာမှာဖြစ်တာကြောင့် မီးမရသေးတာ ကျေးရွာ ၁၄၁ ရွာ ကျန်နေသေးတယ်လို့လည်း ကျောက်ဖြူခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးက သိရပါတယ်။