close

ကျောက်မိုင်းလုပ်သား

A d v e r t i s e m e n t With Us

close

May 26, 2021

ဖာပွန်မြို့နယ်တွင် ကျောက်မိုင်းလုပ်သား ၁ ဦး မိုင်းနင်းမိပြီး ခြေလက်ပြတ်ထွက် ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် (မူတြော်ခရိုင်) ဝါးသိုးခိုကျေးရွာ  ကမမောင်း - ဖာပွန်သွား ကားလမ်းမဘေး ကျောက်မိုင်းအနီး မေ ၂၅ ရက် ညနေ ၆ နာရီလောက်က   ကျောက်မိုင်းလုပ်သားတစ်ဦး မိုင်းနင်းမိ  ဒဏ်ရာရရှိသွားပါတယ်။

မိုင်းနင်းမိတဲ့အတွက် ခြေထောက်နဲ့ လက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိပြီး မိုင်းထိလူနာကို ဘားအံမြို့၊ တောင်ကလေးစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနိုင်ဖို့ သွားရောက်ပို့ဆောင်နေပြီလို့ ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဝါးသိုးခိုရွာနားက ကျောက်မိုင်းမှာ အလုပ်သမားတစ်ယောက် မိုင်းနင်းမိလို့ ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ပြတ်သွားတယ်။ ဒေသခံတော့မဟုတ်ဘူး။ ဧရာဝတီဘက်က ရွှေ့ပြောင်းလုပ်သားလေးပါ။ ဖြစ်တဲ့နေရာက မကြာခဏတိုက်ပွဲဖြစ်တဲ့နေရာ။”

မေ ၂၄ ရက်ကလည်း  အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး တောင်ယာလုပ်ကိုင်ဖို့အသွား မြေမြှုပ်မိုင်းနင်းမိတဲ့အတွက် ခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှု ခံယူနေရပါတယ်။

အဆိုပါ ဒေသတဝိုက်ဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ထိန်းချုပ်နယ်မြေဖြစ်ပြီး မတ်လကစတင်ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ၊ လေကြောင်းပစ်ခတ်မှုတွေအပြင် နယ်ခြားစောင့်(BGF) တပ်တွေကပါ ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွား နေပါတယ်။

4 mins Ago
Up