ကိုလံဘီယာနိုင်ငံအလယ်ပိုင်း၊ ကွန်ဒီနမာရ်ကာပြည်နယ်မှာ တဆက်စပ်တည်းရှိနေတဲ့ ကျောက်မီးသွေးတွင်း ၆ တွင်းမှာ ဓာတ်ငွေ့တွေ စုဖွဲ့အောင်းနေရာက ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး မြေအောက်မှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၁၀ ဦးကို ကယ်ထုတ်နိုင်ရေး ကယ်ဆယ်ရေးအဖွဲ့တွေ အာရုံစိုက်လုပ်ဆောင်နေကြောင်း အာဏာပိုင်တွေက မတ်လ ၁၅ ရက်မှာ ပြောပါတယ်။
ပေါက်ကွဲမှုဟာ မြို့တော် ဘိုဂိုတာရဲ့ မြောက်ဘက် ၇၅ ကီလိုမီတာ (၄၆ မိုင်) အကွာ ဆူတာတောဆာ ကျေးလက်ဒေသမှာ မတ်လ ၁၄ ရက်က ဖြစ်ပွားခဲ့တာပါ။
လူ ၂ ဦးကို ကယ်ဆယ်ထားပြီး ၇ ဦးက ကယ်ဆယ်ပေးရခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။
ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ဆယ်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ သမ္မတ ဂူစတာဗို ပေထရိုကပြောကြားလိုက်ပြီး ဘေးသင့်သူတွေနဲ့ မိသားစုတွေကိုလည်း အားပေးနှစ်သိမ့်လိုက်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူနာတင်ယာဉ်တွေလည်း ကျောက်မီးသွေးမိုင်းတွင်း ၆ ခုမှာ အဆင်သင့်ရှိနေပြီး ပျောက်ဆုံးနေသေးတဲ့ မိုင်းတွင်းလုပ်သား ၁၀ ဦးကို အသက်ရှင်ရက် ရှာတွေ့နိုင်ဖို့ လုပ်ဆောင်နေကြကာ မိုင်းလုပ်သားတွေနဲ့ ဆွေမျိုးသားချင်းတွေကလည်း စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်ဖို့ အားပေးမှုတွေ လုပ်နေကြပါတယ်။
ကယ်ဆယ်နိုင်ခဲ့တဲ့ မိုင်းလုပ်သားတဦးရဲ့ ဇနီးသည်ကတော့ သူ့ခင်ပွန်းဟာ ကယ်ဆယ်မခံရမီက ၆ နာရီကြာ ပိတ်မိနေခဲ့ကြောင်း ဒေသခံမီဒီယာကို ပြောပါတယ်။
ပိတ်မိနေသေးတဲ့ မိုင်းတွင်းလုပ်သားတဦးရဲ့မိခင် အန်ဂျလာ ပီနေဒါက သူ့သား အသက်ရှင်နေမယ်ဆိုတာကို ခံစားမိကြောင်း ပြောပါတယ်။
အခုပေါက်ကွဲမှုဖြစ်တဲ့ မိုင်းတွင်းတွေကတော့ လုပ်ကိုင်ခွင့်ရ မိုင်းတွင်းတွေဖြစ်ကြောင်း အမျိုးသား သတ္တုတွင်းအေဂျင်စီက ပြောပါတယ်။
ကိုလံဘီယာနိုင်ငံရှိ မြေတွင်းနဲ့ မြေအောက် ကျောက်မီးသွေးတွင်းနဲ့ ရွှေတွင်းတွေဟာ အများစုက တရားမဝင် သို့မဟုတ် အလွတ်သဘော လည်ပတ်မှုတွေနဲ့ သင့်လျော်တဲ့ ဘေးကင်းရေးအစီအမံတွေ မရှိကြတာကြောင့် ပြင်းထန်တဲ့ မတော်တဆမှုတွေ အဖြစ်များပါတယ်။
တရုတ်နိုင်ငံမြောက်ဘက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတွင်းမွန်ဂိုလီးယားဒေသမှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီအထိ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှုမှာ လူ ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၄၇ ဦးရှိကြောင်း အတည်ပြုထားပါတယ်။
ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၁၃ နာရီမှာ အတွင်းမွန်ဂိုလီးယားဒေသရဲ့ အနောက်တောင်ဘက်က အယ်လ်ရှာ လက်ဖ် ဘန်နာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖွင့်ထားတဲ့ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျခဲ့တာပါ။
ပြည်တွင်းကုမ္ပဏီတခုဖြစ်တဲ့ ရှင်းကျင်း ကျောက်မီးသွေးမိုင်းကုမ္ပဏီ လုပ်ကိုင်နေတဲ့ တွင်းပွင့်မိုင်းဟာ ဖေဖော်ဝါရီ ၂၂ ရက်မှာ မြေပြိုကျခဲ့ပြီး အလုပ်သမားတွေဟာ ပေ ၁,၆၀၀ ကျယ်ပြီး ပေ ၂၆၀ လောက်နက်တဲ့ အပျက်အစီးတွေအောက်မှာ နစ်မြုပ်သွားကြတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။
ပြိုကျခဲ့တဲ့ ကျောက်မီးသွေးတွင်းဟာ ဒုတိယအကြိမ် မြေပြိုမှုဖြစ်ပွားပြီးနောက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ပြိုကျတဲ့ဧရိယာက ကြီးမားလွန်းလို့ နောက်ထပ် ပြိုကျနိုင်ခြေ အလွန်မြင့်မားကြောင်းလည်း သိရပါတယ်။
၆ ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက်မှာ ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ အင်္ဂလိပ်ဘာသာ ရုပ်သံဌာန CGTN က ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုင်းတွင်းလုပ်သားတွေကို ရှာဖွေရာမှာ ကယ်ဆယ်ရေးလုပ်သား ၃၀၀ ကျော်ကို စက်ယန္တရားကြီးတွေ၊ ကယ်ဆယ်ရေးခွေးတွေရဲ့ အကူအညီနဲ့ ကယ်ဆယ်ခဲ့နိုင်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
ကြာသပတေးနေ့ ည ၁၁ နာရီအထိ အဖွဲ့ ၁၉ ဖွဲ့က ကယ်ဆယ်ရေးလုပ်သား ၉၁၉ ဦးဟာ ယာဉ်နဲ့ စက်ကိရိယာ ၁၅၆ စီးရဲ့ အကူအညီနဲ့ ပြိုကျနေတဲ့ မိုင်းတွင်းမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
မတော်တဆမှုဖြစ်ပွားရာနေရာကနေ ၁ နာရီထက်မနည်း ကားစီးလာရတဲ့ အနီးနားရှိ နင်းရှာဟွီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆေးရုံတခုမှာ အသက်ရှင်သူ ၆ ဦးဟာ ကုသမှု ခံယူနေပြီး အားလုံးမှာ အခြေအနေ တည်ငြိမ်ကြပါတယ်။
အမျိုးသားကျန်းမာရေးကော်မရှင်က အဲဒီနေရာကို အမျိုးသား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကျွမ်းကျင်သူတွေကို စေလွှတ်ထားပြီး ဒဏ်ရာရသူတွေကို ကုသပေးဖို့ လမ်းညွှန်ထားပါတယ်။