ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ မနှစ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ချင်း ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရတဲ့ ရွာသားတွေတချို့က ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ တောင်ကြီးမြို့ပေါ်ကို ထပ်မံရောက်ရှိလာပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က ၃၅၈ ဦး ၊ ၁၇ ရက်နေ့မှာ ၁၇၉ ဦး စုစုပေါင်း ၅၂၈ ဦး တောင်ကြီးမြို့ကို ရောက်လာတာဖြစ်ပြီး ဆရာတော်သံဃာတော်တွေက တောင်ကြီးဝေဠုဝန်ကျောင်းတိုက်နဲ့ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေမှာ ခိုလှုံခွင့်ပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကတိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ မူရင်း ရွာပြန်နေကြပေမယ့် တချို့က မပြန်ရဲသေးဘဲ စစ်ဘေးရှောင်စခန်းမှာကျန်နေသလို တချို့က ဆွေမျိုး အသိတွေဆီ ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။
အဲဒီထဲက ဟူးဆွန်ကျေးရွာအုပ်စု ဟူးဆွန်၊ ပုန်းလုံ ၊ ကျိန်ကိုင် ၊ နိမ်းဆိုင်းစတဲ့ကျေးရွာက အိမ်ထောင်စု ၂၀၀ ကျော် ၊ လူဦးရေ ၅၀၀ ကျော်ဟာ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်လုံကျေးရွာကို ပြောင်းလာပြီးရပ်စောက်ဘက်မှာလည်း တိုက်ပွဲဖြစ်တာကြောင့် ဟိုပုံးမြို့ နယ်ဘက် ကျည်တော်ရွာဘက် ပြောင်းသွားကြောင်း ၊ ဟိုပုံးမှာလည်း တပ်ပေါင်းစုတွေ ရောက်လာတာကြောင့် တောင်ကြီးမြို့ပေါ်ကို ထပ်ရှောင်လာရတာလို့ စစ်ဘေးရှောင်သွားရောက်ကူ ညီခဲ့သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အစကကျောက်မဲစာပေယဉ်ကျေးမှုရုံးမှာ လာခို လှုံတယ်၊ အဲဒီမှာ လူကများနေရာကျပ်တည်းပြီး ကိုဗစ်ရောဂါလည်းကူးမှာစိုးလို့ တခြားနေရာကို တနေရာစီ ထပ်ခွဲသွားကြတယ်၊ ရွာထဲမှာတော့လက်နက်ကိုင်တွေရှိနေလို့ တိုက်ပွဲထပ်ဖြစ်မှာစိုးပြီး မပြန်ရဲဘူးပေါ့ ၊ သူတို့အသုတ်က အိမ်ထောင်စု ၂၀၀ ကျော်၊ ရပ်စောက်ဘက်မှာ ခိုလှုံခွင့်ပေးမယ့် စေတနာရှင်ပေါ်လာတာကြောင့် အဲဒီမှာတဲထိုးပြီးနေတာ တလကျော်ကြာတော့ ကျောက်ဂူမှာတိုက်ပွဲ ဖြစ်တယ်၊ သူတို့နေတဲ့နောင်လုံရွာနဲ့ နီးနီးလေး၊ အဲဒါနဲ့ မနေရဲဘူးဆိုပြီး အသိရှိတဲ့ ဟိုပုံးမြို့နယ် ကျည်တော်ရွာကို ပြောင်းတယ်၊ ကျည်တော်မှာ ၉ ရက်နေပြီး အဲဒီနေရာနဲ့နီးတဲ့ မိုင်းပျဉ်းရွာမှာ တပ်ပေါင်းစုတွေရောက်လာတယ် ၊ သူတို့က သေနတ်သံကြားရင်ကို ထိတ်လန့်နေတဲ့ စိတ်ဒဏ်ရာ ရနေကြတာဆိုတော့ အဲဒီမှာ မလုံခြုံသလိုခံစားရတော့ တောင်ကြီးမြို့ပေါ် ထပ်ရှောင်လာတာပါ။”
စစ်ဘေးရှောင်တွေဟာ ရေရှည်အတွက် ဘယ်မှာဘယ်လိုနေမလဲ မစဉ်းစားနိုင်သေးဘဲ လောလောဆယ် တနေ့တာ စားဝတ်နေရေး လုံခြုံရေးအတွက်သာဖြတ်သန်းနေကြောင်း ၊ တောင်ကြီးမှာခိုလှုံနေချိန် ဘုန်းကြီးကျောင်းက ကျွေးမွေးထားပေမဲ့ အချင်းချင်းပြန်ထောက်ပံ့နိုင်ဖို့ အလုပ်လုပ်နိုင်သူတွေက ရရာအလုပ်လည်း လုပ်ချင်နေကြတယ်လို့ ဆိုပါတယ်။
တောင်ကြီးရောက် ကျောက်မဲစစ်ဘေးရှောင်ထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ လေဖြတ်နေတဲ့ရောဂါသည်တွေပါ ပါဝင်ကြောင်း၊ ရပ်နီးရပ်ဝေး စေတနာရှင်တွေအနေနဲ့ ဖုံးနံပါတ် ၀၉၅၂၁၄၇၇၀ / ၀၉၅၂၁၁၄၃၇/ ၀၉၅၂၁၄၄၉၈၁၀/ ၀၉၄၂၅၄၆၆၆၆၅ တွေကို ဆက်သွယ်ကူညီနိုင်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ မနှစ်ကတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေကို တအာင်းအမျိုးသားတပ်မတော် (TNLA) က နေရပ်ပြန်ခိုင်းနေပြီး ပြန်သွားတဲ့သူတွေကို လမ်းဖောက်လုပ်ရေး အဓမ္မလုပ်အားပေးခိုင်း နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
တန်ခူးလမတိုင်ခင် ကိုယ့်အိမ်ကိုယ်ပြန်ဖို့၊ ပြန်မလာရင် နေအိမ်နဲ့ ခြံတွေအသိမ်းခံရမယ်ဆိုလို့ ပြန်သွားခဲ့ကြကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ကျောက်မဲမြို့နယ် တော့ဆန်၊ မိုင်းကုန်း၊ ကန့်ဆန်၊ ပန်စံ၊ ဆန့်ဟိန်း၊ ပန်မတ်မီး၊ ပန်ဟု အစရှိတဲ့ ကျေးရွာအုပ်စုထဲက ရွာသားတွေကို အစည်းအဝေးခေါ်ပြီး ပါလိုင်ကျောက်ဖြူလမ်းခွဲကနေ တော့ဆန်ရွာထိ အရှည် ၁၀ မိုင်ကျော်တဲ့ လမ်းကို ကိုယ်ထူကိုယ်ထလုပ်အားပေးပြီး လမ်းခင်းရမယ့်အကြောင်း ပြောခဲ့တယ်လို့ တော့ဆန်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အိမ်သိမ်းခံရမှာကြောက်လို့ပြန်သွားတာ။ အဲဒါ အိမ်တိုင်းအိမ်တိုင်း အလှည့်ကျလမ်းခင်းဖို့ သွားရမယ်လို့ TNLA က ခေါ်ပြောတယ်။ ထော်လာဂျီရှိတဲ့လူက မြေတွေ သဲတွေ သယ်ပေးရမယ်၊ မရှိတဲ့လူက ပေါက်တူး ပေါက်ပြားနဲ့ မြေပေါက်မြေသယ်လုပ်ရမယ်၊ ရပ်ရွာအကျိုးလုပ်ရမယ်လို့ပြောတယ်။ ဒါပေမဲ့ အိမ်ကိုပစ်ပြီး စစ်ဘေးရှောင်နေတာ ၇ လကျော်ပြီလေ။ အိမ်ပြန်ရောက်တော့ အိမ်တွေလည်း အဖောက်ခံထားရတယ်၊ ရှုပ်ပွပျက်စီး နေတဲ့ အိမ်လည်း ပြန်ပြင်ရမယ်၊ ခြံထဲက ချုံတွေပြန်ရှင်း အပင်ပြန်စိုက် စားဖို့ သောက်ဖို့ အလုပ်လည်းလုပ်ရမယ်၊ ရွာလမ်းလည်း သွားဖောက်ရမယ်၊ လမ်းဖောက်ရမှာအဝေးကြီး၊ ဘယ်ခါပြီးမလဲမသိ၊ စိတ်ရှုပ်တယ်။”
ပန်မတ်မီးကျေးရွာအုပ်စုထဲမှာ တချို့က အိမ်ပြန်ရောက်တာ ၂ - ၃ ရက်ပဲရှိပြီး အိမ်အလုပ် ဘာမှမလုပ်ရသေးဘဲ ပန်လောင်းဝမ့်ရွာလမ်းခင်းဖို့ လိုက်သွားရတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်က စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့ဝင်တစ်ဦးကလည်း ခုတပတ်တွင်း စစ်ဘေးရှောင် ၃၀၀ ခန့် ရွာပြန်သွားတာရှိကြောင်း၊ သူတို့မပြန်ရင် TNLA က အိမ်နဲ့လယ်ယာခြံတွေ သိမ်းယူမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ပြန်သွားတာဖြစ်ပြီး မိုင်းတင်းစစ်ရှောင်စခန်းက ပန်ကွမ်ရွာသား ၂၀၀ ကျော်လည်း ခုရက်ပိုင်းတွင်း အိမ်ပြန်တော့မယ်လို့ ဆိုပါတယ်။
တအာင်းအမျိုးသားတပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ပါဝင်တဲ့ တပ်ပေါင်းစုနဲ့ RCSS/SSA ရှမ်းပြည်တပ်မတော်တို့ဟာ မနှစ်ဇွန် - ဇူလိုင်လကတည်းက ကျောက်မဲမြို့နယ် တော့ဆန်၊ ဟူးကွက်၊ ပန်ကွမ် အစရှိတဲ့ ကျေးရွာအုပ်စုတွေထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ထောင်နဲ့ချီတဲ့ရွာသားတွေ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ RCSS/SSA က ဆုတ်ခွာပေးခဲ့ပြီး တိုက်ပွဲငြိမ်သွားပေမယ့် TNLA စစ်သားတွေက ရွာထဲဝင်ရောက်နေထိုင်နေလို့ ရွာသားအချို့က မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။
ကျောက်မဲစစ်ဘေးရှောင်တွေအနက် ၅၀၀ ကျော်ဟာ နေရပ်မပြန်တော့ဘဲ လွန်ခဲ့တဲ့ ၃ လလောက်က ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူ နဲ့ အင်တော ကျေးရွာဘက်ကို တိမ်းရှောင်လာကြပါတယ်။
အဲဒီမှာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ယာယီနေစရာတွေ လုပ်ထားပေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီမှာတိုက်ပွဲတွေ ဖြစ်လာတာမို့ ဘယ်ကိုဆက်ရှောင်ရမှန်းမသိဘဲ ဖြစ်နေကြတယ်လို့ ကျောက်ဂူဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
စစ်ဘေးရှောင်ရွာသားတွေကို အဓမ္မလုပ်အားပေးခိုင်းတာနဲ့ ပတ်သက်ပြီး TNLA ဘက်ကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။