close

ကျောက်မဲစည်ပင်ရုံး

close

March 31, 2022

ကျောက်မဲစည်ပင်ရုံး ဗုံးကွဲပြီးနောက် စစ်တပ်က ဖမ်းဆီးရိုက်နှက်သဖြင့် ပြည်သူ ၁ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ စည်ပင်သာယာရုံးဝင်းထဲမှာ မတ်လ ၂၉ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲပြီးနောက်  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနီးနားရှိ တွေ့ရာပြည်သူတွေကို စစ်ဆေးမေးမြန်း၊ ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့လို့ ၁ ဦး သေဆုံးသွားပါတယ်။ 

ရိုက်နှက်ခံရသူတွေ အထဲမှာ တယ်လီဖုန်းဝယ်ဖို့အတွက် မြို့ပေါ်ကို ဆိုင်ကယ်နဲ့လာတဲ့ ပုံဝိုးကျေးရွာက ရွာသား ၂ ဦးလည်း ပါဝင်ပြီး သူတို့ဟာ အရုဏ်ဦးဟိုတယ်နားမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့နှစ်ယောက်ကို ပြင်းထန်စွာရိုက်နှက်စစ်ဆေးပြီး ကျောက်မဲ ဆေးရုံကို ပို့လိုက်ရာမှာ နောက်နေ့ရောက်တော့ အရိုက်ခံရသူထဲက ၁ ဦးသေဆုံးသွားလို့ ပရဟိတ အဖွဲ့တွေက အလောင်းသယ်ကာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကျောက်မဲဒေသခံ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီရွာသား ၂ ယောက်က စည်ပင်ရုံးနားက ဖုန်းဆိုင်မှာ သူတို့ဘာသာသူတို့ ဖုန်းလာဝယ်တာတဲ့ ။ ပုံဝိုးရွာသား စိုင်းပီး (အသက် ၄၀ ကျော်) နဲ့ သူ့တူလေး ၁ ယောက်ပေါ့ ၊ ဖုန်းဝယ်ပြီး ဆိုင်ကယ်နဲ့ပြန်တော့ စစ်ဆေးရေးနဲ့တိုးတာ၊ တော်တော်ပြင်းပြင်းထန်ထန်ရိုက်တယ်လို့ တွေ့တဲ့လူတွေပြောတယ်။ နောက်နေ့ကျတော့ သက်ဆိုင်ရာက ကျောက်မဲက ပရဟိတအဖွဲ့တွေကို အကြောင်းကြားပြီး ညနေ ၃ နာရီလောက်မှာ သွားသင်္ဂြိုလ်ပေးလိုက်တယ်လို့ သိရတယ်။”

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  ရွာသား၂ ယောက်ရဲ့  လက်ကိုင်ဖုန်း ၂ လုံးနဲ့ ငွေကျပ် ၆ သိန်းကျော်ကိုလည်း သိမ်းထားပြီး ခုထိပြန်မရသေးသလို ရိုက်နှက်စစ်ဆေးရင်း သေဆုံးသွားရတဲ့ ကိစ္စသက်ဆိုင်ရာက ဘယ်လိုတာဝန်ယူမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ကျောက်မဲဒေသခံက ပြောသွားပါတယ်။

စည်ပင်ရုံးဟာ ပြည်သူတွေဆီက အခွန်အခတွေအရမ်းကောက်တဲ့အတွက် ပထမဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ဗုံးခွဲခဲ့တာလို့  ကျောက်မဲပြည်သူ့ ကာကွယ်ရေးတပ် PDF-Kyaukme အဖွဲ့က  ကြေညာထားပါတယ်။

2 mins Ago
Up