အောက်တိုဘာ ၂ ရက်နေ့ညက ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်ဝိုင်းနားမှာ ကချင်လူငယ်တယောက်ကို စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၅၀ လောက်ပါတဲ့ စစ်သားတွေဟာ မနေ့က ည ၉ နာရီကျော်က မြို့မရပ်ကွက်၊ ဖားကန့်ကျောက်ဝိုင်းတဝိုက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး မရပ်တဲ့သူတွေကို သေနတ်နဲ့ လိုက်ပစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ည ၁၀ နာရီခွဲလောက်မှာ အသက် ၂၅ နှစ် အရွယ် မရန်ဆိုင်းဂူကို ပစ်သတ်ခဲ့ပြီး အလောင်းကို အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
“အလောင်းကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ဆေးရုံမှာရော ရဲစခန်းမှာရော လိုက်ရှာတာပဲ။ သူ့မိဘတွေလည်း ညကတော့ ကောင်လေးတယောက် ပစ်သတ်ခံရတာပဲ သိပြီးတော့ မနက် ၉ နာရီထိ မသိသေးတာ။ ညက ဖားကန့်ဆေးရုံကို ကျည်ဆန်ရာနဲ့ အလောင်းတလောင်း ရောက်လာတယ်၊ အင်္ကျီအနက်နဲ့ ဘောင်းဘီတို ဝတ်ထားတယ် ဆိုပြီးသိရမှ သူတို့သားမှန်း သိတာ။ အခုထိတော့ အလောင်းလုံးဝ ရှာမတွေ့သေးဘူး။ အလောင်းရဖို့ လိုက်စုံစမ်းနေတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ညက ဖားကန့်ကျောက်ဝိုင်းအနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး သေနတ်သံတွေ ဆက်တိုက်ကြားရသလို နေအိမ်တချို့ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့ထဲ ကင်းလှည့်စစ်ဆေးတာတွေ လုပ်နေပြီး ညတိုင်းလည်း သေနတ်သံကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြား၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားမှာ ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီကျော်လောက် ကျောက်သမား ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
တရားမဝင် ကျောက်စိမ်းအရောင်းအဝယ်လုပ်တယ်ဆိုပြီး တရုတ်နိုင်ငံသား ကျောက်ကုန်သည်တွေအပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ကျော် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ကျောက်သမားတစ်ဦးက “ကျောက်ဝိုင်းဘက်လည်း နေ့လယ်က ဝင်ဖမ်းတယ် ကြားတယ်။ နောက် အောင်မြေသာစံဘက်လည်း ဝင်ဖမ်းတယ်။ ဒီအချိန် ကျောက်လုပ်ငန်းကလည်း အရောင်းအဝယ်က မဖြစ်ဘူး။ ဒါကို ဖမ်းတာ။ ပြည်သူတွေ ငတ်နေပြီ။ ဓားပြတိုက်ဖို့ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို မန္တလေးမြို့ အိုးဘိုထောင်မှာ ထားရှိပြီး အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေပေးခွင့်မရသလို ဘယ်သူနဲ့မှ တွေ့ခွင့်မရဘူးလို့လည်း ကုန်သည်တဦးက ပြောပါတယ်။
"ဖမ်းသွားတာ နေ့လယ် ၁၂ နာရီလောက်က ဖမ်းသွားတာ။ တချို့က ထမင်းလည်း မစားကြရသေးဘူး၊ ဒီပုံအတိုင်းဆို ဒီနေ့အဖို့ ဘာမှမထူးနိုင်သေးဘူး။ ညအိပ်ဖို့စောင်၊ ခြင်ထောင်နဲ့စားစရာလည်း ပေးခွင့်မရှိဘူး။ လူတွေတောင်တွေ့ခွင့်မပေးဘူး" လို့ အိုးဘိုထောင်ရှေ့ ရောက်ရှိနေတဲ့ ကုန်သည်တဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျောက်ကုန်သည်နဲ့ပွဲစားတွေကို တယောက်ကျပ် ၁၀ သန်းကနေ ကျပ် သိန်း ၂၀ အထိ ပေးရမယ်ဆိုပြီး ခြိမ်းခြောက် တောင်းဆိုနေတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။
အခုလိုဖမ်းဆီးတာဟာ တရုတ်နိုင်ငံက WeChat နဲ့ ကျောက်စိမ်းရောင်းဝယ်သူတွေကို ကျောက်ဝိုင်းရဲ့အတွင်းဘက်မှာ အရောင်းအဝယ်လုပ်ဖို့ သတိပေးညွှန်ကြားထားတာကို မလိုက်နာဘဲ အပြင်ဘက်မှာ အရောင်းအဝယ် ပြုလုပ်နေတာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ကျောက်ကုန်သည်တချို့က သုံးသပ်ပြောဆိုနေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အခု ဖမ်းဆီးမှုကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။