close

ကျောက်သမား

close

January 31, 2022

မန္တလေးအကျဉ်းထောင်မှ ဖမ်းဆီးခံ ကျောက်သမား ၂၀၀ ခန့် ပြန်လွတ်

မန္တလေးမြို့မှာ၊ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးတာခံရတဲ့ ကျောက်သမားတွေထဲက အယောက် ၂၀၀ နီးပါး ဇန်နဝါရီလ ၃၁ ရက် ဒီနေ့ နေ့လယ်ပိုင်းက အိုးဘိုအကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။

ဖမ်းဆီးခံခဲ့ရတာ ကျောက်သမား ၄၆၀ ကျော်ရှိတဲ့အထဲက  ပြန်လွှတ်ပေးတဲ့ ကျောက်သမား ၁၉၄ ဦးရှိတယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ တစ်ဦးက “ကျောက်မျက်ဥပဒေ ပုဒ်မ ၅၄ နဲ့ စွဲခံရတဲ့သူတွေပြန်လွှတ်တာ။ ကျောက် လက်ဝယ်မတွေ့တဲ့သူတွေ။ နေ့လယ်က ပြန်လွှတ်နေတာ သုံးသုတ်ခွဲလွှတ်ပေးတာ။” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊  ၁၅ လမ်းနဲ့ ၁၆ လမ်းကြား၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားရှိ နေအိမ်နဲ့ ကျောက်ဝိုင်းအနီးတို့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာကျောက်သမားတွေသာမက တရုတ်နိုင်ငံသား ကျောက်သမားတွေလည်း ပါဝင်ခဲ့ပြီး အခုပြန်လွတ်လာတဲ့အထဲမှာ တရုတ်နိုင်ငံသား ဘယ်နှယောက် ပါတယ်ဆိုတာတော့ မသိရသေးပါဘူး။ 

3 mins Ago

December 20, 2021

မန္တလေးတွင် တရုတ်နိုင်ငံသားများအပါအဝင် ကျောက်သမား ၂၀၀ ကျော် ဖမ်းဆီးခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊  ၁၅ လမ်းနဲ့ ၁၆ လမ်းကြား၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားမှာ ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီကျော်လောက် ကျောက်သမား ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

တရားမဝင် ကျောက်စိမ်းအရောင်းအဝယ်လုပ်တယ်ဆိုပြီး တရုတ်နိုင်ငံသား ကျောက်ကုန်သည်တွေအပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ကျော် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ကျောက်သမားတစ်ဦးက  “ကျောက်ဝိုင်းဘက်လည်း နေ့လယ်က ဝင်ဖမ်းတယ် ကြားတယ်။ နောက် အောင်မြေသာစံဘက်လည်း ဝင်ဖမ်းတယ်။ ဒီအချိန် ကျောက်လုပ်ငန်းကလည်း အရောင်းအဝယ်က မဖြစ်ဘူး။ ဒါကို ဖမ်းတာ။ ပြည်သူတွေ ငတ်နေပြီ။ ဓားပြတိုက်ဖို့ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို မန္တလေးမြို့ အိုးဘိုထောင်မှာ ထားရှိပြီး အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေပေးခွင့်မရသလို ဘယ်သူနဲ့မှ တွေ့ခွင့်မရဘူးလို့လည်း ကုန်သည်တဦးက ပြောပါတယ်။

"ဖမ်းသွားတာ နေ့လယ် ၁၂ နာရီလောက်က ဖမ်းသွားတာ။ တချို့က ထမင်းလည်း မစားကြရသေးဘူး၊ ဒီပုံအတိုင်းဆို ဒီနေ့အဖို့ ဘာမှမထူးနိုင်သေးဘူး။ ညအိပ်ဖို့စောင်၊ ခြင်ထောင်နဲ့စားစရာလည်း ပေးခွင့်မရှိဘူး။ လူတွေတောင်တွေ့ခွင့်မပေးဘူး" လို့ အိုးဘိုထောင်ရှေ့ ရောက်ရှိနေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျောက်ကုန်သည်နဲ့ပွဲစားတွေကို တယောက်ကျပ် ၁၀ သန်းကနေ ကျပ် သိန်း ၂၀ အထိ ပေးရမယ်ဆိုပြီး ခြိမ်းခြောက် တောင်းဆိုနေတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

အခုလိုဖမ်းဆီးတာဟာ တရုတ်နိုင်ငံက WeChat နဲ့ ကျောက်စိမ်းရောင်းဝယ်သူတွေကို ကျောက်ဝိုင်းရဲ့အတွင်းဘက်မှာ အရောင်းအဝယ်လုပ်ဖို့ သတိပေးညွှန်ကြားထားတာကို မလိုက်နာဘဲ အပြင်ဘက်မှာ အရောင်းအဝယ် ပြုလုပ်နေတာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ကျောက်ကုန်သည်တချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အခု ဖမ်းဆီးမှုကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

1 month Ago
Up