ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းက ကျောင်းဝင်းတခုအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တလုံးပျက်စီးပြီး ကျောင်းကို ယာယီပိတ်ထားလိုက်ရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်အများစုနေတဲ့ နေရာတခုမှာ ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ ကျောင်းဝင်းအတွင်း စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမနေအိမ် ထိခိုက်ပျက်စီးခဲ့တာပါ။
ဆရာမဟာ နေ့လယ်ပိုင်း ထမင်းစားပြီးလို့ ကျောင်းပြန်သွားချိန် လက်နက်ကြီးကျရောက်ခဲ့လို့ ထိခိုက်ဒဏ်ရာရမှု မရှိပေမဲ့ အဆိုပါကျောင်းကို ယာယီပိတ်ထားလိုက်ကြောင်း ဒေသ သတင်းရစ်မြစ်တွေက ဖော်ပြပါတယ်။
အဆိုပါဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးကျည် ၂ လုံးက အဆိုပါ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကျောင်းဟာ ကြားကာလပညာရေးကို အကောင်အထည်ဖော်နေတဲ့ ပြည်သူ့အခြေပြု ကျောင်းတကျောင်းဖြစ်ပြီး ကျောင်းသား ၄၀၀ ကျော် တက်ရောက်တဲ့ကျောင်း ဖြစ်ပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တလုံးကလွဲရင် စာသင်နေတဲ့ ကလေးနဲ့ ဆရာမတွေ ထိခိုက်မှုမရှိဘူးလို့ ဒေသ သတင်းအရ သိရပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ CDM မလုပ်တဲ့ ကျောင်းဆရာမရဲ့ နေအိမ် စက်တင်ဘာ ၇ ရက် မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။
ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရတာဟာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ရပ်ကွက်နေ ပြည်သူတွေက ဆိုကြပါတယ်။
“ဗုံးပေါက်တာ ဟုတ်တယ်။ ဒဏ်ရာရတာတော့ မကြားဘူး။ အဲ့ဒီဆရာမအိမ် ဗုံးပေါက်တာ ဒါပါနဲ့ဆို နှစ်ကြိမ်ရှိပြီ” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ကားနဲ့ ရောက်လာပြီး စစ်ဆေးတာတွေလုပ်ကာ ပြန်သွားကြပါတယ်။
အဲ့ဒီဆရာမဟာ စစ်ကောင်စီ ယန္တရားလည်ပတ်ဖို့ ရပ်ကွက်အတွင်း ဧည့်စာရင်း ကိစ္စတွေလုပ်နေတဲ့အပြင် CDM ဆရာ ဆရာမတွေကိုလည်း ဖိအားပေးစည်းရုံးတာတွေရှိတယ်လို့ သိရပါတယ်။