မကွေးတိုင်း ပခုက္ကူမြို့မှာ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းမှာ Kaung For You ဖက်ဒရယ် ကိုယ်ပိုင်ကျောင်းက ဆရာမ တယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတာ်။
ပခုက္ကူမြို့ ၊ အမှတ် ၆ ရပ်ကွက်၊အောင်မဂ်လာလမ်းက ဆရာမ မစုမြတ်သန္တာကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅နာရီလောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်သွယ် တည်ထောင်ထားတဲ့ Kaung For You ဖက်ဒရယ် ကိုယ်ပိုင်ကျောင်းရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Online စနစ်နဲ့ ပညာသင်ကြားပေးလို့ဆိုပြီး စစ်(...)၊ရဲ(...)နဲ့ ပူးပေါင်းအဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ပခုက္ကူမြို့မှာ Kaung For You အွန်လိုင်းပညာရေးအစီစဥ်မှာ သင်ကြားပေးနေလို့ အဖမ်းခံရတဲ့ ဆရာမ ၂ ယောက်ရှိသွားပြီဗျ။ စက်မှုဇုန်ရပ်ကွက်က CDM ဆရာမ ဒေါ်ခင်မာလာနွယ်ကိုလည်း ဇူလိုင်လ ၁၅ ရက်နေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတွေက အဲဒီပညာရေးအစီစဥ်မှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးသွားကြတယ်။ ဒါစစ်ကောင်စီရဲ့ သတင်းပေး ဒလန်တွေက အတိကျသတင်းပေးလို့ အဖမ်းခံရတာ။”
စစ်ကောင်စီဟာ လွတ်လပ်စွာပညာသင်ကြားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပြည်သူ့ပညာရေးကျောင်းတွေမှာ စာသင်ပေးနေတဲ့ CDM ဆရာမတွေကို ရန်သူသဖွယ် လိုက်လံဖမ်းဆီးနေတာကြောင့် ထိရောက်တဲ့ တုံ့ပြန်မှုတွေလုပ်ဆာင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ အချက် ၅ချက်ပါဝင်တဲ့ ကြေညာချက်တစောင်ကို အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲ ဦးဆောင်ကော်မတီ (BEWU-SC)နဲ့ အခြေံပညာ ပညာရေးဝန်ထမ်းများအထွေထွေ သပိတ်ကော်မတီ (BEGSC)တို့က ဇူလိုင်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၆၂၉ ယောက်ရှိပြီး အဲဒီထဲက ၁၃၃၃ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ ၅ မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမတဦးကို စစ်ကောင်စီတပ်သားတွေက ဇွန် ၂၈ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ “May San” အကောင့်ကနေ “များများသေလေ ကျည်ဖိုးသက်သာလေပဲ” ဆိုပြီး Comment ရေးသားထားတာကြောင့် အကောင့်ပိုင်ရှင် ကျိမ်ချမ်းဟုန်(ခ)စန်းစန်း (CDM ကျောင်းဆရာမ) အား ဖမ်းဆီးထိန်းသိမ်း အရေးယူခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာကနေ ထုတ်ပြန်ပါတယ်။
အဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာမကို စစ်ကောင်စီတပ်သားတွေက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားပြီး အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆရာမနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကလေးမြို့ခံတဦးက “သူတို့တွေက ဖေ့စ်ဘွတ်မှာ စောင့်ကြည့်နေကြတာ။ အခုချိန်မှာ ကိုယ့်အကောင့်ကို လော့ချထားတာ အကောင်းဆုံးနဲ့ အလုံခြုံဆုံးပဲ။ ဖေ့စ်ဘွတ်သုံးနေတဲ့သူတွေအနေနဲ့ မရေးကြတာ အကောင်းဆုံးပဲ။ အဖမ်းခံရရင် မလွယ်ဘူး။ သူတို့လက်ထဲရောက်ရင် သူတို့သဘောဖြစ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံတွေကိုလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ လတ်တလော ထိုးစစ်ဆင်နေပြီး ကျေးရွာနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀ ဝန်းကျင်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။