မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေမှာ ၂ လုံး၊ ၃ လုံး ရောင်းချတာနဲ့ တခြားလောင်းကစားတွေကို ကျောင်းအတွင်း လုပ်ကိုင်ခွင့်ပြုပါက ကျောင်းထိုင်ဆရာတော်ကို အရေးယူမယ်လို့ မန္တလေးမြို့နယ်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ပါတယ်။
မြို့နယ်သံဃမဟာနယက(သာ/ထိန်းအဖွဲ့)မှ ဆရာတော်တပါးက "ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျောင်းထိုင် ခွင့်ပြုချက်နဲ့ နှစ်လုံးသုံးလုံးဒိုင် ဖွင့်လှစ်ရောင်းချနေတဲ့အပြင် တခြား လောင်းကစား နည်းတွေပါ ပြုလုပ်နေတယ်လို့ ရပ်ကွက်က ဒါယကာတွေက ဘုန်းကြီးတို့ မြို့နယ်သံဃအဖွဲ့အစည်း ကိုလာတိုင်တာတွေ ရှိတယ်"လို့ မိန့်ကြားပါတယ်။
အခုလို ကျောင်းဝင်းထဲ လောင်းကစားပွဲတွေ ခွင့်ပြုပေးမှာ မဟုတ်ကြောင်းနဲ့ ဖွင့်ခွင့်ပြုထားတဲ့ ကျောင်းထိုင်ဆရာတော်တွေကို နိုင်ငံတော်သံဃမဟာနယကရဲ့ ထုတ်ပြန်တဲ့ညွှန်ကြားချက်နဲ့အညီ အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ချမ်းအေးသာဇံမြို့နယ်မှာရှိတဲ့ လောင်းကစားတာ ဖွင့်ခွင့်ပြုထားတဲ့ ဘုန်းကြီးကျောင်း တချို့က ကျောင်းထိုင်ဆရာတော်တွေကို မြို့နယ်သံဃနာယက အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆေးအရေးယူ သွားမယ်။"
လောင်းကစားလုပ်တာ စစ်ဆေး ပေါ်ပေါက်ရင် ကျောင်းတိုက်အတွင်းကနေ ထွက်ခွာခိုင်းတာတွေနဲ့ တခြားအရေးယူတာတွေ ရှိတာကြောင့် ချမ်းအေးသာဇံမြို့နယ်မှာရှိတဲ့ ကျောင်းထိုင်ဆရာတော်တွေအနေနဲ့ လောင်းကစားဒိုင်တွေ ဖွင့်လှစ်ခွင့် မပေးဖို့လည်း သတိပေး မေတ္တာရပ်ခံထားပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေး-ထားဝယ်ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၆ ရက် ညနေက ဖြစ်ပွားခဲ့တဲ့ ဘုန်းကြီးကျောင်းကားတစီး တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF-DYMINE) က အနူးအညွတ် ဝန်ချတောင်းပန်စာကို ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က ကလိန်အောင်အခြေစိုက် တပ်ရင်းတခုက စစ်ကောင်စီတပ်သားတွေ ရေဖြူကို Hijet အမျိုးအစား မော်တော်ယာဉ် ၂ စီးမှာ အရပ်ဝတ်တွေနဲ့ လိုက်ပါလာကြောင်း သတင်းရခဲ့တာကြောင့် အပြန်ခရီးမှာ ရှေ့ထွက်မိုင်းတွေပြင်ဆင်ပြီး စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားတွေကြားက အရပ်သားကားတစီး ပါလာတာကို သတိမထားမိဘဲ မိုင်းဆွဲတိုက်ခိုက်ခဲ့မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုပြီးမှ အရပ်သားကားမှန်း သိရှိရပြီး ကူညီဆောင်ရွက်ပေးဖို့ အခက်အခဲ ရှိတာကြောင့် နီးစပ်ရာ ဆေးရုံနဲ့ အရေးပေါ်ကယ်ဆယ်ရေးကားတွေကို ဆက်သွယ်ကူညီပေးခဲ့ပြီးနောက် ပြန်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် နစ်နာသူ မိသားစုတွေနဲ့ သက်ဆိုင်သူအားလုံးကို အနူးအညွတ်တောင်းပန်ပြီး နောက်နောင် အလားတူဖြစ်ရပ်မျိုး မရှိစေဖို့ လုပ်ဆောင်သွားမယ်လို့ YPPDF က ဝန်ခံကတိပြုထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက် တိုက်ခိုက်ခံရမှုကြောင့် ကလိန်အောင်မြို့နယ် ရာဖူးကျေးရွာအုပ်စု ရာဖူးရွာသစ် ဗုဒ္ဓသာသနရက္ခိတကျောင်း ကျောင်းထိုင်ဆရာတော် သက်တော် ၅၉ နှစ်အရွယ်ရှိ ဘဒ္ဒန္တ ဥက္ကဋ္ဌနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်အုန်းမြင့်တို့ သေဆုံးခဲ့ပြီး ယာဉ်မောင်းနဲ့ ကားပေါ်ပါသူ ၅ ဦးလည်း ဒဏ်ရာအသီးသီး ရခဲ့ကြပါတယ်။
ထုတ်ပြန်ချက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်ထားပေမဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် မှတ်တမ်းဓာတ်ပုံတွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေရဲ့ ပြောကြားချက်အရ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေမှာ တခြားထိခိုက်ဒဏ်ရာအပြင် သေနတ်ဒဏ်ရာတွေလည်း တွေ့ရှိရပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ ဈာပနကိုတော့ ရာဖူးရွာသစ်မှာ ဖေဖော်ဝါရီ ၉ ရက် နေ့လယ်မှာ ပြုလုပ်ပူဇော်သွားမယ်လို့ ဈာပနအကျိုးတော်ဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။