close

ကျောင်းများပြန်ဖွင့်

close

November 1, 2021

စစ်ကောင်စီက ရန်ကုန်တွင်ကျောင်းများပြန်ဖွင့်သော်လည်း ကျောင်းတက်သူအနည်းငယ်သာရှိ

အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ ၁ ရက် ဒီကနေ့မှာ  တစ်နိုင်ငံလုံးက  ကျောင်းတွေ ပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ ရန်ကုန်က အခြေခံပညာကျောင်းတွေမှာတော့  ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာအနည်းငယ်ပဲရှိတယ်လို့  ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်ထဲက တချို့မူလတန်းကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ ၂ ယောက်၊  ၃ ယောက်သာ  တွေ့ရပြီး ကျောင်းတက်တဲ့ ကျောင်းသားတွေ မရှိသလောက် နည်းပါးနေတာကိုတွေ့ရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူ တဦးက ပြောပါတယ်။

တခြားမြို့နယ်အတော်များများမှာလည်း အဖြူအစိမ်းနဲ့  ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတက်ဖို့ သွားတာမတွေ့ရသလို ကျောင်းကားတွေ ပြေးဆွဲတာ လည်း မတွေ့ရဘူးလို့ ရန်ကုန် မြို့ခံ တွေက ပြောပါတယ်။   

စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှာ  တိုင်းနဲ့ ပြည်နယ် ၉ ခုရှိ  မြို့နယ် ၄၀ ကျော်ကလွဲလို့  နိုင်ငံတဝန်းမှာ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ခုလို အခြေအနေမျိုးမှာ ကလေးတွေကို  ကျောင်းထားဖို့ ဆန္ဒမရှိဘူးလို့ မိဘအများစုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့်  ကလေးတွေ ကျောင်းတနှစ်နားခဲ့ရပြီး စစ်အာဏာသိမ်းတဲ့ အကျိုးဆက်အဖြစ်  ကလေးတွေ စာမသင်ရဘဲ  နောက်ထပ် ၁ နှစ် နားခဲ့ရတာ ဖြစ်ပါတယ်။ 

ကလေးတွေရဲ့ ပညာရေးကြောင့် မိဘတွေ ကျောင်းပြန်အပ်ချင်တာကို နားလည်ပေမဲ့ လက်ရှိအခြေအနေက တည်တည်ငြိမ်ငြိမ် ကျောင်းပြန်တက်ပြီးနေရမဲ့ အနေအထားမျိုး မဟုတ်သေးတာကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ခဏစောင့်ဆိုင်းပေးထားကြဖို့နဲ့  ကျောင်းမအပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ 

ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေရဲ့ပညာရေး နှစ်နှစ်လောက် နောက်ကျနေပြီ ဖြစ်တာကြောင့် ကျောင်းပြန်အပ်ချင်ပေမဲ့ လက်ရှိ ရန်ကုန်မှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ အပြင်  စာသင်ကျောင်းတွေမှာ စစ်တပ်တွေ တပ်စွဲထားတာနဲ့ ပစ်ခတ်မှုတွေ ဗုံးပေါက်ကွဲမှုတွေကြောင့် ကလေးတွေကျောင်းမထားရဲသေးဘူးလို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးတွေကို အွန်လိုင်းပညာရေးစနစ်နဲ့ပဲ အိမ်မှာ သင်ကြားပေးနေပြီး ကျောင်းမအပ်သေးဘူးလို့ ကျောင်းသားမိဘတွေကဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ ကျောင်းသားတွေ၊ မိဘတွေ၊ အများပြည်သူပိုင်နေရာတွေ၊ ဘုရားကျောင်းကန် အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဈေးတွေကို ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ကြောင်း ကျောင်းတွေမှာ တစုံတခု ဖြစ်ခဲ့ရင်လည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေလက်ချက်သာဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာမျက်နှာစာမှာ မြန်မာပြည်ကြီးအေးချမ်းနေသယောင် ပုံစံမျိုးတွေ မြင်လာအောင် ကျောင်းတွေ ဘုရားတွေ ပြန်လည်ဖွင့်လှစ် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကို မြို့ပြပြောက်ကျားတိုက်ပွဲဖော်ဆောင် တိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း နောက်ပိုင်း ခုခံစစ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း အသိပေးထားပတယ်။

အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ) ကလည်း စစ်ကောင်စီက ကျောင်းမအပ်နှံကြဖို့နဲ့ ကျောင်းမတက်ကြဖို့ တိုက်တွန်း နှိုးဆော်ချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ဇူလိုင်လ  ကျောင်းတွေဖွင့်တုန်းကလည်း  စီမံခန့်ခွဲမှုအလွဲကြောင့် ကိုဗစ်ကပ်ရောဂါ အခြေအနေ  ပိုမိုဆိုးရွားလာပြီး ကျောင်းတွေ ပြန်ပိတ်ခဲ့ရသလို အခုအခါမှာလည်း ကျောင်းတွေကို တက်သုတ်ရိုက်ဖွင့်လှစ်တာဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက်  စိုးရိမ်စာရာဖြစ်တယ်လို့ ဆိုပါတယ်။ 

5 mins Ago

September 8, 2020

စပိန်တွင် ကျောင်းများပြန်ဖွင့်ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅ သိန်းကျော်ရှိ

စပိန်နိုင်ငံမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုဗစ်-၁၉ ကူးစက်မှုတွေ ဒုတိယအကြိမ် ထိုးတက်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်က အနောက်ဥရောပမှာ ရောဂါကူးစက်ခံရသူ ၅ သိန်းကျော်ရှိတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ စပိန်နိုင်ငံမှာ စက်တင်ဘာ ၄ ရက်က ၂၄ နာရီအတွင်း ကူးစက်သူ ၂,၄၀၀ ကျော်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ မကြာသေးခင်က ကူးစက်မှုတွေဟာ  ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်တာကြောင့် ရောဂါလက္ခဏာမပြတဲ့ လူငယ်တွေအကြား အဖြစ်များနေပါတယ်။   ဒါ့အပြင် သေဆုံးနှုန်းဟာလည်း နေ့စဉ်ပုံမှန် ၈၀၀ ကျော်ရှိတဲ့ မတ်လနဲ့ ဧပြီလ အမြင့်ဆုံး  အခြေအနေထက် အများကြီးလျော့နည်းပါတယ်။  ကိုဗစ်လူနာတွေကို ကုသဖို့တော့ ဆေးရုံတွေမှာ ခုတင်တွေကို လုံလုံလောက်လောက်  ထားရှိပါတယ်။  ကပ်ရောဂါ စဖြစ်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် စပိန်ရဲ့ စုစုပေါင်း သေဆုံးနှုန်းဟာ  ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး အီတလီ၊ ဗြိတိန်နဲ့ ပြင်သစ်တို့ထက် လျော့နည်းပါတယ်။  စက်တင်ဘာ ၇ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူ ၈ ယောက်ရှိပြီး အခုချိန်ထိ သေဆုံးသူပေါင်း ၃၀,၀၀၀ နီးပါးရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up