စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီနဲ့ ယင်းမာပင်မြို့နယ်တို့မှာ NUG ပညာရေးဝန်ကြီးဌာန ဦးဆောင်မှုအောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ အတန်းတင်စာမေးပွဲတွေ ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ်မှာ တမြို့နယ်လုံးအတိုင်းအတာနဲ့ အတန်းကူးပြောင်းစာမေးပွဲကို ဇူလိုင် ၉ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး စာသင်ကြားရေးကာလ ၆ လတဖြတ်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဖြေဆိုမှု အပိုင်းကတော့ ဒေသအခြေအနေနဲ့လိုက်ပြီး ပြုလုပ်ရတာကြောင့် အဆင့်ခွဲ အကြိမ်ကြိမ် မပြုလုပ်တော့ဘဲ စာမေးပွဲတကြိမ်သာ ပြုလုပ်မယ်လို့ ကနီမြို့နယ် ပညာရေးတာဝန်ခံ ကျောင်းဆရာတဦးက ပြောပါတယ်။
အတန်းကူးပြောင်းစာမေးပွဲကို ကနီမြို့နယ် တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းတို့မှာ ဝင်ရောက် ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူအရေအတွက်ကိုသာ စာရင်းပြုစုနိုင်သေးပြီး ကနီမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်းနဲ့ ကျောင်းသားစာရင်းတွေကတော့ ဆက်သွယ်ရေး ခက်ခဲမှု အခြေနေကြောင့် စာရင်းအတိအကျ မရရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိစာရင်းရရှိထားတဲ့ နယ်မြေ ၂ ခုက စာသင်ကျောင်းပေါင်း ၉၅ ကျောင်းမှာ စာမေးပွဲ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က မူလတန်းအဆင့်မှာ ၇,၅၉၆ ယောက်၊ အလယ်တန်းအဆင့်မှာ ၃,၄၈၄ ယောက် နဲ့ အထက်တန်းအဆင့်မှာ ၉၂၄ ယောက်ဖြေဆိုကြပြီး သင်ကြားရေးနဲ့ကူညီမှုတွေကိုတောာ့ CDM ဆရာ/ဆရာမ ၆၃၉ ဦးနဲ့ စေတနာ့ဝန်ထမ်း ၁,၁၂၄ ဦးတို့က ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ပညာရေးတာဝန်ခံက ပြောပါတယ်။
ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့စဥ်က စာသင်ကျောင်းပေါင်း ၂၄၈ ကျောင်းထိ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် တချို့ကျောင်းတွေဟာ နယ်မြေအခြေအနေအရ သင်ကြားရေး ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။
စာမေးပွဲဖြေဆိုမှုကို (A-Level),(B-Level),(C-Level)ဆိုပြီး အဆင့် (၃) ခုနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး အဲဒီအဆင့်တွေအတွင်း ဖြေဆိုအောင်မြင်သူများကိုသာ အတန်းကူးပြောင်းပေးမယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အထက်တန်းကျောင်းတွေမှာ ဆယ်တန်းဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ အရေအတွက် ပြီးခဲ့တဲ့နှစ်ထက် တဆကျော်များပြားလာတယ်လို့ ကေအိုင်အို ပညာရေးရုံးကနေ သိရပါတယ်။
ကေအိုင်အို ထိန်းချုပ်နယ်မြေမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ အရေအတွက်ဟာ ၈၀၀ ကျော်သာရှိခဲ့ ပြီး အခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၂၁၉၂ ယောက်ဖြေဆိုတာ တဆကျော်ပိုများလာတယ်လို့ ကေအိုင်ဝပညာရေးရုံးရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ကေအိုင်အို ထိန်ချုပ်နယ်မြေအတွင်းက အခြေခံပညာ အထက်တန်းကျောင်း ၉ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေဟာ ဧပြီ ၂၁ ရက်နေ့က စတင်ကာ ဧပြီ ၂၈ ရက်နေ့အထိ စာမေးပွဲဖြေဆိုနေကြတာလို့ ဆိုပါတယ်။
ကျောင်းသားကျောင်းသူ အသစ်တွေကို ပြီးခဲ့တဲ့နှစ်ကလို မေလ ၂၅ ရက်နေ့မှာ စတင်လက်ခံကာ ဇွန် ၁ ရက်နေ့ စတင်ဖွင့်လှစ်မှာဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေနေကို စောင့်ကြည့်ပြီးမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။