မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံပစ်ခတ်ပြီး ၈ တန်းကျောင်းသားတယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့ကာ ဒေသခံပြည်သူ ၃၀ ကျော်လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြတယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို ဒီနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းကနေ ထပ်မံပစ်ခတ်ပြီး ၈ တန်းကျောင်းသားလေးတယောက်ကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်လောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားကြတယ်လို့ မြိုင်မြို့နယ် မြောက်ပိုင်းဇုန် ပကဖ တာဝန်ခံ ဗိုလ်Cross က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ဆေးရုံအနောက်ဘက်က နေအိမ် ၅ လုံးလောက်ကို မီးရှို့ဖျက်ဆီးကာ ဒက်ဘယ်ကပ် ကားတစီးနဲ့ လိုက်ထရပ် ကားတစီးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီဘက်က ဒီနေ့ လေကြောင်းကနေ ပစ်ခတ်တာက လမ်းကြောင်းရှင်းတဲ့သဘော ဖြစ်နိုင်တယ်ဗျ။ ဓားစာခံတွေကို ဖမ်းပြီး မန်ကျည်းကန်ရွာကနေ ကန်နီဘက်ကို ထွက်သွားပြီးတဲ့နောက်ပိုင်း ကျနော်တို့တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြတော့ အသက် ၁၄ နှစ်လောက်ရှိတဲ့ ၈ တန်းကျောင်းသား မောင်ဖြိုးထက်မောင် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်” လို့ ဗိုလ် Cross က ပြောပါတယ်။
မန်ကျည်းကန်ဆေးရုံကို ဧပြီ ၁၈ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ဆေးရုံပင်မအဆောက်အဦက ပစ္စည်းတွေထားတဲ့ ဓာတ်မှန်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်၊ ညောင်ရွာနားက ကာကွယ်ရေးစခန်းခွဲတခုကိုလည်း ဧပြီ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကာ Mi17 ၂ စီးနဲ့ ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးစခန်းနဲ့ ကား ၂ စီးကို မီးရှို့ဖျက်ဆီးကာ ငွေကျပ်သိန်း ၁၀၀ ကို ယူဆောင်သွားတယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အထိနာနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။
ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့ရှိ အစိုးရကျောင်းတကျောင်းမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသား တယောက်က သူ့ဘေးနားရှိ ဆရာ သုံးယောက်နဲ့ အတန်းဖော် နှစ်ယောက်တို့ကို ဓားနဲ့ထိုး ခဲ့ပြီးနောက်မှာ ကျောင်းဆရာ သေဆုံးသွားကြောင်း ဒေသအာဏာပိုင်တွေက မတ် ၂၇ ရက် မှာ ပြောကြားပါတယ်။
အဲဒီဆယ်ကျော်သက် ကျောင်းသားကို သူ့မိဘတွေနဲ့အတူ စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
တခြားထိခိုက်ဒဏ်ရာရတဲ့ ဆရာတွေဟာ အန္တရာယ်မရှိသလို ကျောင်းသားတွေရဲ့ ဒဏ်ရာမှာ အသေးအဖွဲ့ဖြစ်ကြောင်း ဆောင်ပေါ်လို ရဲ့ ပညာရေးအတွင်းဝန် ရီနာတို ဖှီဒါရ် က ပြောပါတယ်။
သေဆုံးသွားတဲ့ဆရာကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ၃ ရက်တာ ဝမ်းနည်းခြင်း ကာလကို ထပ်လောင်း ကြေညာသွားမယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွက် အကြောင်းရင်းကို ခန့်မှန်းပြောဆိုဖို့က စောလွန်းသေးကြောင်းနဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလိမ့်မယ်လို့ ဖှီဒါရ်က ပြောပါတယ်။