close

ကျောင်းသုံးစာအုပ်

close

April 19, 2022

မြောင်မြို့နယ် ပညာရေးကွန်ရက် ကျောင်းသုံးစာအုပ်နှင့် ပညာရေးလုပ်ငန်းလိုအပ်နေ

စစ်အာဏာသိမ်းကာလမှာ ကျောင်းသူကျောင်းသားတွေ ပညာရေးမနှောင့်နှေးစေဖို့အတွက် မြောင်မြို့နယ်မှာ ကြားကာလပညာရေးဖော်ဆောင်တဲ့အနေနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပြီး ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းရေရှည်တည်တံ့နိုင်ဖို့ အတွက် ပညာရေးလုပ်ငန်း လိုအပ်ချက်တွေ ဖြည့်စွက်ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကစတင်ပြီး ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ရပ်ရွာလူထုအခြေပြု ပညာရေးမှာ သင်ကြားရေးဆရာ  ၂၂  ယောက်၊ ကျောင်းသား ၃၀၃ ယောက်နဲ့အတူ အခြေခံပညာအလယ်တန်းအဆင့်အထိ စတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မြောင်မြို့နယ် ပညာရေးကွန်ရက်က “ရပ်တန့်တာကြာပြီဖြစ်တဲ့ ပညာရေးလုပ်ငန်တွေ စတင်ခွင့်ရခဲ့တယ်။ မိဘပြည်သူ ကျောင်းသား ကာကွယ်ရေးနဲ့ ပညာရှင်တွေနဲ့အတူ မြောင်ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့အတွက် ကိုယ့်တစ်ရွာတည်းမဟုတ်ဘဲ အားလုံးပြိုင်တူအတူတူ သင်ကြားရေးစတင်နိုင်တဲ့အတွက် မိဘ၊ ကျောင်းသား၊ ဆရာ ဆရာမအားလုံး ထပ်တူကြည်နူးရပါတယ်။ စာအံသံတွေနဲ့ ကျောင်းတက်ခေါင်းလောင်းထိုးသံ ပြန်ကြားရတော့ ပင်ပန်းရကျိုးနပ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြောင်ပညာရေးကွန်ရက်ကိုတော့ မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်က စတင်ပြီး ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးတော့လည်း ကြားကာလပညာရေးအတွက် မြောင်ပညာရေးကွန်ရက်နဲ့ လာရောက်ချိတ်ဆက်ထားတဲ့ ကျေးရွာတွေကိုလည်း ကျောင်းတွေ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေးအတွက် ဆက် လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြားကာလပညာရေးလုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးမှာ ပါဝင်အားဖြည့်သွားမှာဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊   ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကာ မြို့နယ်ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်၊ မူဘောင်၊ လုပ်ငန်းစဥ်နဲ့ ရည်ရွယ်ချက်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသုံးစာအုပ်များနှင့်ကျောင်းရေရှည်တည်တံ့နိုင်ဖိုအတွက် ပညာရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်စွက်ကူညီလိုပါက m.me/112102391388001 ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

3 mins Ago

June 28, 2020

ကျောင်းသုံးစာအုပ်တွင် ဖော်ပြထားသည့် ကချင်သမိုင်းနှင့် အခေါ်အဝေါ်အမှားများ ပြင်ပေးရန် တောင်းဆို

ကျောင်းသုံးပြဋ္ဌာန်းစာအုပ်မှာ ဖော်ပြထားတဲ့ ကချင်လူမျိုးတွေနဲ့ ပတ်သက်တဲ့ သမိုင်းနဲ့ အခေါ်အဝေါ်အမှားတွေကို ပယ်ဖျက်ပြင်ဆင်ပေးဖို့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုပါတယ်။ အခုအသစ်ပြဋ္ဌာန်းလိုက်တဲ့ သတ္တမတန်း ပထဝီဝင်စာအုပ်၊ လူမှုရေးပထဝီဝင်အခန်းက ကချင်လူမျိုးတွေအကြောင်း ဖော်ပြတာမှာ ဆိုးဆိုးရွားရွား အမှားတွေရှိတယ်လို့ ဆိုပါတယ်။ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာတန်ဂွန်းက “ကချင်သမိုင်းနဲ့ နာမည်တွေကို လွဲမှားတာတွေရှိတယ်။ မမှန်တဲ့ နာမည်တွေ ရေးထားတာ တွေ့ရတယ်။ ပြောချင်တာက မှားရေးထားပြီး ကလေးတွေကို သင်ပေးနေမယ်ဆိုရင် အမှားတွေပဲ သိသွားမှာပေါ့။ ဒါကြောင့် အတည်ပြုထားပြီးသားဖြစ်တဲ့ ယဉ်ကျေးမှုဗဟိုကော်မတီနဲ့ဖြစ်ဖြစ်၊ ကျွမ်းကျင်သူတွေနဲ့ဖြစ်ဖြစ် စာလုံးပေါင်းတွေကို ပိုပြီး တိကျအောင်လုပ်စေချင်ပါတယ်” လို့ ပြောပါတယ်။ ကချင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ စည်းစည်းလုံးလုံး နေထိုင်လာခဲ့ကြပေမယ့် ပေါက်ဖွားဆင်းသက်လာတဲ့ ပထဝီဝင်အနေအထားအရ နည်းနည်းစီကွဲပြားတဲ့ စကားပြောကို အခြေခံပြီး စစ်အစိုးရခေတ်အဆက်ဆက်မှာ ပိုပြီးကွဲပြားအောင်လုပ်ခဲ့တာဟာ အခုအချိန်အထိပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကချင်လူမျိုးနဲ့ပတ်သက်တဲ့ သမိုင်းနဲ့ အခေါ်အဝေါ်တွေကို ပြင်ဆင်ပေးဖို့ ကချင်ခေါင်းဆောင်တွေက ခေတ်အဆက်ဆက် တင်ပြခဲ့ပေမယ့် သက်ဆိုင်ရာ အစိုးရတွေက မလုပ်ပေးခဲ့ကြဘူးလို့လည်း ဆိုပါတယ်။ အခု ကျောင်းသုံးစာအုပ်မှာတော့ ကချင်မျိုးနွယ်စုတချို့ကို စာလုံးပေါင်း အသံထွက်အမှားတွေနဲ့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ ဆရာတန်ဂွန်းက “အရင်တုန်းကတော့ ကချင်တွေက နတ်ကိုးကွယ်တယ်လေ။ အခု အများစုက ခရစ်ယာန်ဘာသာဝင်တွေပါ။ စာအုပ်ထဲမှာတော့ ကချင်ရိုးရာအိမ်တွေမှာ နတ်ဆရာအခန်း ပါတယ်ဆိုပြီး ရေးထားတယ်။ အဲဒီလိုဆိုတော့ ဘာကို ဆိုလိုချင်တာလဲ။ အရင်တုန်းက အကြောင်းတွေကို ပြန်ဖော်ပြချင်တာလား။ လက်ရှိအနေအထားကိုလားဆိုတာ မသိရဘူး။ အခုလို ရောထွေးဖော်ပြတာက ကချင်လူမျိုးတွေရဲ့ပုံရိပ်ကို တမျိုးဖြစ်စေတာပေါ့” လို့ ပြောပါတယ်။ ဒီအမှားအယွင်းတွေဟာ ကချင်လူမျိုးတွေရဲ့ သမိုင်းကို ထိခိုက်နစ်နာစေသလို သင်ကြားခံရသူတွေကိုလည်း သမိုင်းအမှားနဲ့ အခေါ်အဝေါ်အမှားတွေ သင်ပေးတာဖြစ်တဲ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ထိခိုက်လာနိုင်တယ်လို့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။ ဒါကြောင့် အခုကျောင်းသုံးစာအုပ်က ကချင်လူမျိုးနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပြီး သမိုင်းအမှန်နဲ့ အခေါ်အဝေါ်တွေကို ပြန်ပြီး ပြင်ဆင်ပေးဖို့ သဘောထားထုတ်ပြန်ထားပါတယ်။
2 years Ago
Up