close

ကျောင်းအပ်ခ

close

December 28, 2022

စစ်ကောင်စီလက်ထက် အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခ ကျပ် ၅၀၀၀၀ အထိမြင့်တက်လာ

အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ အဝေးသင်တက္ကသိုလ်တက်သူတွေဟာ ကျောင်းအပ်ခကို ကျပ် ၅၀၀၀၀ လောက်အထိကုန်ကျလာတယ်လို့  ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။

အရင်တုန်းက အဝေးသင်တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသားတွေဟာ ပို့ချချက်စာအုပ်ဖိုး အတွက် ကျပ် ၁၅၀၀၀၊ စာစဉ်မေးခွန်းဖိုးအတွက် ကျပ် ၂၅၀၊ မဂ္ဂဇင်းဖိုး ကျပ် ၂၀၀၀ နဲ့ ကျောင်းအပ်ခ၊ မှတ်ပုံတင်ကြေးတွေအတွက် စုစုပေါင်း ကျပ် ၂၀၀၀၀ ဝန်းကျင်သာကုန်ကျခဲ့ပါတယ်။

၂၀၂၃ ပညာသင်နှစ်ကို စစ်ကောင်စီလက်ထက်မှာ ဖွင့်လှစ်ချိန်မှာတော့ အဝေးသင် စာအုပ်စာတမ်းဖိုးနဲ့ သွင်းငွေတွေ အပြောင်းအလဲရှိလာသလို ကျောင်းအပ်ခတွေလည်း မြင့်တက်လာတယ်လို့   ကျောင်းသားကျောင်းသူတွေထံက သိရပါတယ်။

အခုအခါ အဝေးသင်ကျောင်းအပ်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ပို့ချချက်စာအုပ်ဖိုးအတွက်  ကျပ် ၃၈၀၀၀၊ စာစဉ်မေးခွန်းဖိုး ကျပ် ၂၅၀၀၊ မဂ္ဂဇင်းဖိုး ကျပ် ၄၀၀၀ အထိ ရှိလာခဲ့ပြီး ကျောင်းအပ်ခနဲ့ မှတ်ပုံတင်ကြေးတွေကိုပါထည့်သွင်းတွက်ချက်မယ်ဆိုရင် ကျပ် ၅၀၀၀၀ လောက်အထိကုန်ကျခဲ့ရတယ်လို့ ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။

ဒီအတွက် ပို့ချချက်စာအုပ်ဖိုးတွေဟာ ကျပ် ၂၃၀၀၀ အထိဈေးတက်ခဲ့သလို စာစဉ်ဖိုးကလည်း ကျပ် ၂၀၀၀ အထိဈေးတက်လာခဲ့ကာ  မဂ္ဂဇင်းဖိုးကတော့ ကျပ် ၂၀၀၀ လောက်ဈေးတက်သွားတာပါ။

အခုနှစ်မှာတော့  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေအတွက် ပထမနှစ်အဝေးသင် သင်တန်း အပ်နှံရမယ့်ရက်ကို ဒီဇင်ဘာ ၂၆ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ၂၀၂၂ ခုနှစ်မတိုင်ခင် အောင်မြင်ခဲ့ သူတွေအတွက်ကတော့ ဒီဇင်ဘာ ၂၆ ရက်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သတ်မှတ်ထားတယ်လို့ စစ်ကောင်စီပညာရေးဌာနက ကြေညာထားပြီး တက္ကသိုလ် ၄၂ ခုမှာ ကျောင်းအပ်လက်ခံမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ပုံဖော်နေတဲ့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး တက္ကသိုလ် ဆက်မတက်ကြတဲ့ ကျောင်းသူ ကျောင်းသားတွေလည်း သိန်းနဲ့ချီရှိနေပါတယ်။

3 mins Ago
Up