close

ကျေးရွာ မီးရှို့ ဖျက်ဆီး

close

March 9, 2023

မတ္တရာတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ကျေးရွာနေအိမ်အချို့ကို မီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာအုပ်စု၊ ကျွဲကျကျေးရွာက နေအိမ်တချို့ကို မတ် ၇ ရက်မှာ စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲတွေ၊ တိုက်ခိုက်မှုတွေ ငြိမ်သက်နေခဲ့တာဖြစ်ပြီး မတ် ၇ ရက်မှာ ကျေးရွာနေအိမ်တချို့ကို စစ်အုပ်စုဘက်က မီးရှို့ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်တွေက ပြန်လည်ခုခံပစ်ခတ်ရာက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာနယ်ခံတဦးက “အုန်းပင်တွေ မှန်တယ်၊ နောက်ပြီးကျတော့ ဆိတ်ခြံတွေထဲ ကျတယ်၊ ဆိတ်တွေ သေမသေတော့ မသိဘူး၊ လောလောဆယ် စကစဘက်ကတော့ ထိတဲ့ခိုက်တဲ့ အသံတော့ မကြားသေးဘူး၊ လောလောဆယ်တော့ စကစကတော့ ကျွဲကျမှာပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်တွေက ကျွဲကျရွာအတွင်း ခေတ္တတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးသီးငါးလုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျွဲကျကျေးရွာက နေအိမ် ၃ အိမ်ကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ ကျွဲကျကျေးရွာထဲကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေကတော့ ကျွဲကျရွာက နေအိမ် ၁၀ လုံးနီးပါးအထိ မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ မတ္တရာဒေသခံက ဆိုပါတယ်။

5 mins Ago

February 2, 2023

ပုလဲမြို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်တပ်မီးရှို့ခံရသည့် ဒေသခံများကို ပုလဲ ပအဖ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ဆေးရုံမြောက်ဘက်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလိုမိုင်းဆွဲခံရပြီး စစ်ကောင်စီဘက်က ၈ ဦး ဒဏ်ရာရရှိပြီး ၃ ဦးသေဆုံးတယ်လို့ ဒေသခံ ဒေါင်းနက် PDF ခေါင်းဆောင် ဆရာပေက ပြောပါတယ်။

“ပုလဲမြို့အရှေ့ဘက်ကို အင်အား ၁၀၀ လောက်နဲ့ ထွက်လာတာကို ဆေးရုံ မြောက်ဘက်လမ်းကြားမှာ မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာဗျ။ ကျနော်တို့ကို ဘယ်အချိန်မှာ စစ်ကြောင်းထွက်မယ်ဆိုတာ ညကတည်းက ဖရဲသီးက သတင်းပို့ထားတယ်။ အဲလိုသိလို့ မိုင်းကွင်းတွေ ကြိုခင်းထားပြီး သူတို့တက်လာတဲ့အချိန် အခုလို တိုက်ခိုက်လိုက်တာဗျ။”

အခုမိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဟာ ပုလဲမြို့က‌နေ ဆားလင်းကြီးမြို့နယ်ဘက် စစ်ကြောင်းထိုးဖို့ စတင်ထွက်ခွာရင်း အခုလို မိုင်းဆွဲခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်သား‌တွေရဲ့‌ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ မီးဘေးသင့်ပြည်သူတွေကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာတွေနဲ့ အသုံးစရိတ်တချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြေနီကုန်းရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဆိုပါကျေးရွာ‌တွေက မီးဘေးသင့်ပြည်သူတွေအတွက် အလှူရှင်တွေ လှူဒါန်းထားတဲ့ ထောက်ပံ့ကြေး‌ အလှူငွေ ၆၅၀,၀၀၀ ကျပ်နဲ့ ဆန်အိတ် ၁၃ အိတ်ကို သွားရောက် ထောက်ပံ့ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂,၂၂၈ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက် သတင်းအမှောင်ချထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေ အတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် လှူဒါန်း‌ကူညီပေးကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က‌ မေတ္တာရပ်ခံထားပါတယ်။

1 month Ago
Up