၁၉၉၉ ခုနှစ်တုန်းကပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရားမဝင် လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆင်ရေးကြီးလုပ်ပြီး ဖမ်းပါတယ်။ တမြို့လုံးပတ်ပြီး စစ်သားတွေ၊ နယ်ခြားစောင့်တပ်တွေ၊ ရဲတွေ၊ ပြည်သူ့စစ်တွေက ကားတွေတန်းစီပြီး ညှပ်ပူးညှပ်ပိတ်လုပ်ပြီး ဖမ်းတာပါ။ မြို့ပေါ်မှာလည်း ရဟတ်ယာဉ်တစင်းက ဝဲနေပါသေးတယ်။
ဒီတုန်းက အခုလို တရားဝင် အလုပ်သမားလက်မှတ်တွေလည်း ထုတ်မပေးသေးတဲ့အချိန်ဆိုတော့ ကျနော်တို့ ဗမာတွေဆိုတာ ကြက်တွေ၊ ငှက်တွေကို ခြင်းထဲကောက်ထည့်သလို အစုအပြုံလိုက် အဖမ်းခံကြရ၊ ပြန်ပို့ခံကြရတာပါ။ တမြို့လုံးမှာရှိတဲ့၊ စက်ရုံတွေမှာရှိတဲ့ ဗမာတွေအားလုံး မြို့ပြင်ဘက်ကွင်းတွေ တောတွေထဲ ရောက်ကုန်ကြပါတယ်။ လူတွေ လမ်းတွေပေါ်မှာ စုပြုံပြီး အဖမ်းခံရတဲ့မြင်ကွင်း၊ သောင်ရင်းမြစ်ထဲ တယောက်လက် တယောက်ဆွဲပြီး ရင်ဆို့လောက်ရေမှာ လူတထောင်လောက် သက်စွန့်ဆံဖျား ဖြတ်ကူးကြရတဲ့ မြင်ကွင်းဟာ တကယ့်ကို ကြေကွဲစရာ၊ ရင်နာစရာပါ။ တမြို့လုံးလည်း အိမ်တွေ၊ တံခါးတွေပိတ်... တိတ်ဆိတ်သွားလိုက်တာ။ မဲဆောက်မြို့ဆိုတာ ဗမာတွေ အများဆုံး လာနေတဲ့မြို့။ မြို့ခံထက်တောင် ဗမာက ပိုများတဲ့မြို့။
ဒီတုန်းက ကျနော်လည်း နေစရာ ခိုစရာမရှိအောင် ဖြစ်ခဲ့ပါတယ်။ နေရာ သုံးနေရာလောက် ပြောင်းနေပေမဲ့ မလုံခြုံပါဘူး။ တခါတလေများ ချုံတွေ တောတွေထဲ ဆင်းအိပ်ရတဲ့အထိ မလုံခြုံခဲ့ပါဘူး။ ဒါနဲ့ပဲ မြို့စွန်က ဥယျာဉ်ကြီးတခုထဲမှာ တဲထိုးပြီး သွားနေရပါတယ်။ မြို့စွန်လည်းဖြစ်ပြန်၊ လူနေကလည်း ကြဲတော့ အဲဒီဘက်ကို ထိုင်းရဲတွေ လာခဲပါတယ်။ ကျနော်ကတော့ တလစာ ရိက္ခာဝယ်ပြီး အဲဒီမြို့စွန် ဥယျာဉ်ကြီးထဲက တဲကလေးမှာ ပုန်းခိုကျင်း လုပ်ခဲ့ရပါတယ်။
တနေ့... နေ့လယ် ထမင်းစားပြီးတဲ့အချိန် ကျနော်စိုက်ထားတဲ့ ပဲတိုင်တောင်ခင်း၊ ငရုတ်ခင်း၊ ရုံးပတီသီးခင်းဘေးမှာ လမ်းလျှောက်နေတုန်း ငှက်အော်သံတခုကို သတိမထားဘဲ မနေနိုင်လောက်အောင်ကိုပဲ ကြားနေခဲ့ရပါတယ်။ ငှက်ကလေးတကောင်ဟာ ကျနော့်တဲဘေးက ချောင်းကလေးတခုရဲ့ တဖက်မှာရှိတဲ့ ကျွန်းခင်းကြီးထဲမှာ အချိန်အကြာကြီး အော်နေခဲ့ပါတယ်။
ငှက်အော်သံက ထူးခြားတော့ ကျနော့်စိတ်နဲ့ ကျနော့်နားက သူ့ဆီကိုပဲ ရောက်နေခဲ့ပါတယ်။ ငှက်ကလေးဟာ ကျနော့်တဲနား၊ ကျွန်းတောအစပ်အထိ ရောက်လာလိုက်၊ ကျွန်းတောကြီးထဲ ဝင်သွားလိုက်နဲ့၊ ဟိုးဘက် ကျွန်းတောအစပ်တွေဆီ ရောက်သွားလိုက်နဲ့။ သူအော်တဲ့ အသံကလည်း ကျနော်နဲ့ နီးလာလိုက်၊ ဝေးသွားလိုက်၊ ပြန်နီးလာလိုက်နဲ့။
ဒီလို အဆက်မပြတ်အော်နေတော့ ဒီငှက်ကလေး ဘာပြုလို့များလဲပေါ့။ သူ့ကြင်ဖော်ငှက်ကလေး ပျောက်သွားလို့ လိုက်ရှာနေတာများလား၊ သူ့အသိုက်ကို တခြားငှက်တွေ မြွေတွေကများ ဖျက်ဆီးလို့ အော်နေတာများလား... အမျိုးမျိုးတွေးလိုက် ... သူ့အသံကို နားထောင်လိုက်ပေါ့။
အချိန်တော်တော်ကြာအောင် အော်ပြီးတော့မှ ငှက်ကလေးအော်တဲ့အသံ တိတ်သွားပါတယ်။ အဆက်မပြက်အော်နေတဲ့ ငှက်အော်သံ တိတ်သွားတော့မှပဲ ကျနော်လည်း အမောပြေသလို ဖြစ်ရပါတယ်။
ကာယကံရှင် ငှက်ကလေးကတော့ ဘယ်လိုနေမလဲမသိဘူး။ ကျနော်ကတော့ သက်ပြင်းချပြီးကို အမောဖြေရပါတော့တယ်။
ဒီလိုနဲ့ ... နောက်တနေ့ ဒီလိုအချိန်ကျတော့လည်း မနေ့တုန်းက အော်ခဲ့တဲ့ ငှက်ကလေးရဲ့ အော်သံကို မမျှော်လင့်ဘဲ ကြားလာရပြန်ပါတယ်။ ဒီလိုပဲ ငှက်ကလေးဟာ အချိန်တော်တော်ကြာတဲ့အထိ နေရာအနှံ့သွားပြီး အော်ဟစ်လိုက် နားလိုက် လုပ်နေပါတယ်။ ကျနော်ကလည်း ငှက်ကလေးရဲ့ အော်သံဗေဒကို ခွဲခြမ်းစိတ်ဖြာရင်း အလုပ်တွေ ရှုပ်ရတော့ပြန်တာပေါ့။
ဒီငှက်ကလေးက ဘာပြုလို့ နှစ်ရက်ဆက်ပြီး အော်နေရတာလဲ။ ညတုန်းက သူဘယ်မှာ သွားအိပ်ခဲ့သလဲ။ သူ့အသိုက်လေးကော ရှိမှရှိသေးရဲ့လား။ သူ့ရဲ့ ပျောက်သွားတယ်လို့ ထင်ရတဲ့ သူ့ကြင်ဖော်ငှက်ကလေးနဲ့ အခုထက်ထိ မတွေ့သေးဘူးလား။ တွေ့တယ်ဆိုရင်လည်း ဒီကနေ့ကြမှ ဘာပြုလို့ ထပ်ပြီး လိုက်အော်နေရတာလဲ ...။
ကျနော့်အတွေးထဲမှာ ဆိုင်တာကော၊ မဆိုင်တာကော၊ ဆီလျော်တာကော၊ မဆီလျော်တာကော ကျနော်တွေးနိုင်သလောက် တွေးပြီး ငှက်ကလေးဋီကာ ဖွင့်တော့တာပါပဲ။
ဒီလိုနဲ့ နောက်တနေ့ ...
ဒီလိုနဲ့ နောက်တနေ့ ...
၅ ရက်မြောက်တဲ့နေ့မှာတော့ အချိန်မှန်မှန်ကြားခဲ့ရတဲ့ ငှက်ကလေးတကောင်ရဲ့ အသံကို ကျနော် မကြားရတော့ပါဘူး။ ညနေပိုင်းရောက်တဲ့အထိ၊ ညပိုင်းရောက်တဲ့အထိ၊ အိပ်ရာဝင်တဲ့အထိ သူ့အသံလေးကို ကြားရဦးမလားဆိုတဲ့ စိတ်နဲ့ တချိန်လုံး နားစွင့်နေခဲ့မိတယ်။
ညအိပ်တော့လည်း အိပ်မက်ထဲမှာ “ငှက်မြည်သံ” ကို ကြားလို့ လန့်နိုးလာခဲ့ရတယ်။ အိပ်ရာထဲက လူးလဲထပြီး တဲအပြင်ဘက်ထွက်ရပ်ရင်း ချောင်းကလေးတဘက်က ကျွန်းတောကြီးဆီ နားစွင့်ထားမိသေးတယ်။
၄ ရက်လောက် ဆက်တိုက်ကြားခဲ့ရတဲ့ ငှက်ကလေးရဲ့အော်သံကို အဲဒီနေ့ကစပြီး ကျနော် ထပ်ပြီး မကြားရတော့ပါဘူး။ ဘာကြောင့်ရယ်တော့မသိ။ ဒီကနေ့အထိ အဲဒီငှက်ကလေးအကြောင်း တွေးမိတိုင်း အလိုလို ကြေကွဲနေမိတာ အမှန်ပါပဲ။ ဘာကြောင့်မှန်း တကယ်ကို မသိပေမဲ့ ကျနော် … ။
ဒီလိုနဲ့ အဲဒီငှက်ကလေးကိုစွဲပြီး ဂျပန်ဟိုက္ကူကဗျာလေးတပုဒ်ကို စာရွက်ပေါ်မှာရေး ပလတ်စတစ်လောင်းပြီး ကျနော်သွားလေရာ ပိုက်ဆံအိတ်လေးထဲမှာ ဆောင်ထားခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
…………………………
ဘီလုံးငှက်ကလေးတကောင်
တချိန်လုံး တနေ့လုံး
နေ့စဉ်ရက်ဆက် သီချင်းဆို
လုံလောက်သွားတယ်ရယ်ကို မရှိဘူး
ဗသျှိုး
(၁၆၄၄-၁၆၉၄)
…………………………
ငြိမ်းဝေ(ကဗျာ့အိုးဝေ)