close

ကြက်ခြေနီအသင်းး

close

March 31, 2022

ယူကရိန်းတွင် ကြက်ခြေနီအသင်းကုန်လှောင်ရုံ ဗုံးကြဲခံရမှုမှန်ကန်ကြောင်း အိုင်စီအာစီအတည်ပြု

ယူကရိန်းနိုင်ငံတောင်ပိုင်း မာရိုင်ပူ ဆိပ်ကမ်းမြို့ထဲက ကြက်ခြေနီအသင်းပိုင် ကုန်လှောင်ရုံ ဗုံးကြဲခံထားရတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အဲဒီဓာတ်ပုံတွေ မှန်ကန်ကြောင်း နိုင်ငံတကာကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ) က အတည်ပြုပါတယ်။

ဂြိုဟ်တုကနေ မတ် ၃၀ ရက်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ ဗုံးခိုကျင်းတွေထဲမှာ နေကြတဲ့ လူတွေကို ဝေပေးတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆေးရုံတွေဆီကို ဖြန့်ပေးနေတဲ့ ဆေးဝါးနဲ့ ဆေးဘက်ပစ္စည်းတွေထားရာ ကုန်လှောင်ရုံ ပျက်စီးနေတာကို ပြထားတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

“မတ်လ ၁၅ ရက်တည်းက ကုန်လှောင်ရုံမှာ ဝန်ထမ်းတယောက်မှ မနေတော့ဘူး၊ အသေအပျောက် အပျက်အစီးနဲ့ ပတ်သက်တဲ့ ဘယ်လို သတင်းအချက်အလက်မှလည်း မရထားဘူး” လို့ အိုင်စီအာစီက ပြောပါတယ်။

ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ အိုင်စီအာစီဟာ နောက်ထပ်ပစ္စည်းတွေ မဖြန့်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

မာရိုင်ပူမြို့ထဲက လူသားချင်းစာနာမှု အကူအညီပေးနိုင်မယ့် အခြေအနေနဲ့ အဲဒီမှာနေတဲ့ အရပ်သားတွေရဲ့ ဒုက္ခကို အစိုးရိမ်ဆုံးပဲလို့လည်း အိုင်စီအာစီက ပြောပါတယ်။

ယူကရိန်းနိုင်ငံထဲက နာဇီတွေကို ချေမှုန်းပြီး လက်နက်ဖြုတ်သိမ်းဖို့ အထူးစစ်ဆင်ရေးလို့ ရုရှားက ပြောတဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် မာရိုင်ပူမြို့ဟာ တလကျော်ကြာ ဒုက္ခခံရတဲ့ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။

9 mins Ago
Up