ပြည်ပကို တင်ပို့မှု ရှိနေပေမဲ့ ကြက်သွန်နီစျေးနှုန်းတွေ နှစ်လကျော်ကာလအတွင်းမှာ တစ်ပိဿာကို ကျပ် ၃၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို အမြင့်ဆုံးစျေး ကျပ် ၄၇၀၀ ထိရှိခဲ့ပေမဲ့ လက်တလောမှာတော့ တစ်ပိဿာကို အမြင့်ဆုံးစျေး ၁၆၀၀ ကျပ်ထိ ကျဆင်းနေတာပါ။
ရန်ကုန် လက်လီစျေးကွက်မှာလည်း ပြီးခဲ့တဲ့လအနည်းငယ်က ကြက်သွန်တစ်ပိဿာကို ကျပ် ၆၀၀၀ အထက်အထိ စံချိန်တင် မြင့်တက်ခဲ့ပေမဲ့ အခုအခါ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပြန်ကျဆင်း နေပါတယ်။ တောင်သူစျေး အခင်းစျေးအနေနဲ့ကတော့ ဆိပ်ဖြူဒေသမှာ တစ်ပိဿာကို ကျပ် ၉၅၀ ဝန်းကျင်သာ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
အခုနှစ်မှာ ဓာတ်မြေသြဇာ၊ စက်သုံးဆီနဲ့ အထွေထွေကုန်ကျစရိတ်တွေ ကြီးမြင့်ပြီး စိုက်ပျိုးစရိတ် ပိုကုန်ကျခဲ့တာကြောင့် တစ်ပိဿာကို ကျပ် ၂၀၀၀ ရရှိမှသာ တောင်သူ တွက်ခြေကိုက်နိုင်မယ်လို့ စိုက်ပျိုးတောင်သူတွေထံက သိရပါတယ်။
ဆိပ်ဖြူမြို့နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးက“ ကြက်သွန်စျေးက တောက်လျှောက် ဆင်းနေတာ။ အရင်နှစ်တွေက ဒီစျေးပေါက်ရင်တော့ ဒါမဆိုးဘူပေါ့။ အခုက မြေသြဇာစျေး၊ ဆီစျေးတွေ စျေးကြီးနေတော့ စိုက်စရိတ်က ပိုကြီးလာတယ်။ ဒီကုန်ကျစရိတ်နဲ့ဆို ကြက်သွန်တစ်ပိဿာ ၂၀၀၀ လောက်ဖြစ်မှ တောင်သူ အလုပ်ဆက်လုပ်နိုင်မယ်” လို့ ပြောပါတယ်။
ဒါ့အပြင်လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ကြီးမြင့်မှုကလည်း ပြည်တွင်းကြက်သွန်နီစျေးကွက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ကြက်သွန်ကုန်သည်တွေ ထံက သိရပါတယ်။
မြန်မာနိုင်ငံမှာ ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး၊ နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ တစ်နှစ်ကို တန်ချိန် တစ်သိန်း ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ကြက်သွန်နီအထွက်နှုန်းနဲ့ ပြည်ပတင်ပို့နိုင်မှုတို့အပေါ် မူတည်ပြီး ကြက်သွန်စျေး အပြောင်းအလဲ ဖြစ်ပေါ်လေ့ ရှိပါတယ်။ လာမယ့် မတ် ၊ ဧပြီနဲ့ မေလတွေကလည်း နွေကြက်သွန်နီ ထွက်ရှိချိန်ဖြစ်ပြီး စျေးလျေ့ာနည်းလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ သီးတင်းပတ်က ပြည်တွင်း ကြက်သွန်နီစျေး တည်ငြိမ်ဖို့နဲ့ ဖိလစ်ပိုင်အပါအဝင် ပြည်ပဈေးကွက်တိုးမြှင့်တင်ပို့နိုင်ဖို့ အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ စားဖိုချောင်သီးနှံတွေ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနဲ့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိ သူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ကြက်သွန်ကုန်သည်တစ်ဦးက “ဖိလစ်ပိုင်ကို တင်ပို့မယ်လို့ သတင်းတွေ ထွက်လာတယ်။ တစ်ခြားနိုင်ငံ ဝယ်လက်များများရှိမှ အဆင်ပြေမှာ၊ ပြည်တွင်းသုံးပဲ ဆိုရင်တော့ မလွယ်ဘူး”လို့ မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကြက်သွန်ကို ပြည်တွင်းဈေးကွက် အပြင် ပြည်ပဈေးကွက်တွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝယ်ယူနေတာပါ။
အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ကြက်သွန်နီတန်ချိန် ၈၀၀၀၀ ကျော် တင်ပို့ရောင်းချထားပြီးဖြစ်တယ်လို့ သိရပြီး လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ပြည်ပကို ကြက်သွန်နီတန်ချိန် တစ်သိန်း တင်ပို့ရောင်းချ သွားဖို့ရှိနေပါတယ်။
မြန်မာကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာလည်း ကိုဗစ်ရောဂါဂယက်ကြောင့် စိုက်ပျိုးစရိတ် အောက်ထိ ရောက်ခဲ့ရပြီး တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။
ရန်ကုန်ဈေးကွက်ကို နယ်ပေါင်းစုံက မိုးကြက်သွန်အသစ်တွေ အဝင်များလာတာကြောင့် စံချိန်တင်မြင့်တက်ခဲ့တဲ့ ကြက်သွန်နီဈေး ပြန်လည်ကျဆင်းလာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
လတ်တလော ရန်ကုန်ဈေးကွက်ကို မုံရွာ၊ မြင်းခြံ၊ မြစ်သား၊ ဆိပ်ဖြူနဲ့ ပခုက္ကူဘက်က ကြက်သွန်နီတွေ ဝင်ရောက်နေပြီး ဘုရင့်နောင်ကုန်စည်ဈေးကွက်မှာ အမျိုးအစားအလိုက် တပိဿာကို အနည်းဆုံး ၁,၅၀၀ ကျပ်ကနေ ၃,၇၀၀ ထိရှိပါတယ်။ တပတ်အတွင်း တပိသာကို ငွေကျပ် ၁,၀၀၀ ကနေ ၁,၆၀၀ ဝန်းကျင်လောက်ထိ ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။
ကြက်သွန်ကုန်သည်တဦးက “အသစ်တွေ လှိုင်လာတော့ ဈေးကျသွားတာပေါ့။ နယ်စုံစျေးလည်း ကျနေတယ်။ အရောင်းအဝယ်လည်း အေးနေတယ်” လို့ ပြောပါတယ်။
စျေးကွက်ထဲကို ပြည်တွင်း မိုးကြက်သွန်နီအသစ် အဝင်များလာသလို ပြည်တွင်းစျေးမြင့်နေချိန် တရုတ်က ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေလည်း ရှိနေပါတယ်။
ကုန်စည်အဝင်များလာလို့ ဘုရင့်နောင်ကုန်စည်ဈေးကွက်မှာ ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းနေပေမဲ့ လက်လီဈေးကွက်မှာတော့ ဈေးကျဆင်းမှု မရှိသေးဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “လက်လီစျေးကတော့ မကျသေးပါဘူး။ အသေးလေးတွေကို တပိသာ ၄,၀၀၀ လောက်ရှိတယ်။ အဟောင်းက အကြီးတွေဆိုရင် တပိဿာ ၅,၀၀၀၊ ၆,၅၀၀ လောက်ထိ ရောင်းကြတယ်။ အသစ်ကတော့ ဈေးနည်းနည်းသက်သာပေမဲ့ သိပ်လည်းမကွာပါဘူး” လို့ ပြောပါတယ်။
အခုနှစ်က ကြက်သွန်စိုက်ဧက လျော့ကျခဲ့သလို ရာသီဥတုကြောင့်လည်း အထွက်ဆုတ်ခဲ့တာကြောင့် ကုန်ရှားပါးပြီး ပြီးခဲ့တဲ့လပိုင်းတွေက ပြည်တွင်းကြက်သွန်နီဈေး လနဲ့ချီပြီး စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်း အဝယ်ရှိနေတာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် ၃ ဆကျော် ၄ ဆလောက် မြင့်တက်လာခဲ့တာပါ။ အဲဒီလို စံချိန်တင်အမြင့်ဈေး ရောက်နေရာကနေ အခုအခါ ဈေးကွက်ထဲ နယ်စုံက မိုးကြက်သွန်အသစ်တွေ အဝင်များလာတာကြောင့် ဈေးပြန်ကျလာတာ ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းကို တနေ့ ပျမ်းမျှ ကြက်သွန်နီကား အစီးရေ ၃၀ ဝန်းကျင် ဝင်ရောက်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ ကုန်စည်အဝင်များလို့ ပြည်တွင်းကြက်သွန်နီဈေး ပြန်ကျဆင်းနေပေမဲ့ ပြည်ပဝယ်အား ဆက်ပြီး အားကောင်းနေမယ်ဆိုရင်တော့ ကြက်သွန်အသစ်တွေ ဝင်လာပေမဲ့ ဈေးထိုက်သင့်သလောက် ဆက်ကောင်းနေဦးမယ်လို့ ကုန်သည်လုပ်ငန်းရှင်တဦးက သုံးသပ်ထားပါတယ်။
မြန်မာကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ရောဂါဂယက်ကြောင့် စိုက်ပျိုးစရိတ် အောက်ထိ ရောက်ခဲ့ရပြီး တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းအထိ ကြက်သွန်နီဈေး တပိဿာကို ကုန်စည်ဒိုင်ပေါက်ဈေး ကျပ် ၅၀၀ ကနေ ၈၀၀ ကြားပဲ ရှိခဲ့ပါတယ်။
လက်ရှိနှစ်မှာလည်း စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်နေတာကြောင့် တောင်သူတွေက ပုံမှန်ထက် ကြက်သွန်စိုက်ဧကကို လျှော့ချခဲ့ရပါတယ်။