(က)
မိမိအသိုက်အမြုံမှသည် ဤရွာကလေးဆီသို့ နွေဦးမုန်တိုင်းကြောင့် လွင့်စင်ရောက်ရှိခဲ့သည်မှာ လပေါင်းများစွာရှိပြီ ဖြစ်၏။ သည့်အတွက် သည်ရွာကလူတွေမှာ ‘ရပ်ဆွေရပ်မျိုးတွေ’ ဖြစ်လာခဲ့ပါ၏။ အနေကြာလာတော့ ရွာ၏အထာ၊ ရွာကလူတွေ၏ အလေ့၊ ရွာဦးကျောင်းဆရာတော်နှစ်ပါး၏ မတူကွဲပြားမှုတို့ကိုလည်း သိတော်မူခဲ့ရပါလေတော့၏။
ရွာလူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကျော်က ရဲရဲတောက် ဓမ္မဘက်တော်သားတွေ။ ကြွင်းတဲ့ ၅ ရာခိုင်နှုန်း မရှိတရှိလောက်ကတော့ ခေတ်စကားနဲ့ပြောရရင် ‘ဘောမ’ တွေလို့ သိလာခဲ့ရပါ၏။ အဲသည်အုပ်စုရဲ့ ဦးဆောင်သူကတော့ စိမ်းသရဖူစိမ်းခေါင်းဆောင် အဘစိမ်းမောင်နဲ့ သူ့မိသားစုဝင်တွေပါပဲ။ ‘မိသားစုဝင်တွေ’ လို့ သုံးရပေမဲ့ အဘစိမ်းမောင်ရဲ့ ချစ်သမက်ကြီး ‘ကိုနိုင်’ ကတော့ သူတို့နဲ့ ရင်ဘတ်ချင်းတူပုံမရပါဘူး။
လူတွေအစုံဆိုတော့ ဇာတ်လမ်းတွေအစုံ ကြားသိခွင့်ရခဲ့တာပေါ့ ခင်ဗျာ။ သည်ကြားထဲမှာ အဘစောမူးသာတို့၊ အဘရစ်ချတ်တို့၊ အဘထွန်းခင်တို့၊ စစ်ပြန်ကြီး အဘလုံးတုံးတို့နဲ့ ဆုံလိုက်တိုင်း ဆုံလိုက်တိုင်း ရေနွေးကြမ်းဝိုင်းတွေမှာ ‘စိမ်းသရဖူစိမ်း’ အဘဦးစိမ်းမောင်နဲ့ အပြန်အလှန် ပြောကြဆိုကြတာတွေကို ကြားရတာဟာဖြင့် ‘တဟားဟား’ နဲ့ အစာကြေ ရင်ချောင်လှပါလေ၏။
သည်နေ့မနက်လည်း ရေနွေးကြမ်းဝိုင်းမှာ ဆုံဖြစ်ကြပါတယ်။ အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံး၊ အဘရစ်ချတ်နဲ့ ဖေကြီးတို့တွေ ကောက်ညှင်းပေါင်းနဲ့ အမဲခြောက်ဖုတ်ဆီဆမ်းကို ေလွးနေကြတယ်ခင်ဗျ။ စောစောလာမယ်ပြောတဲ့ အဘစိမ်းမောင်ကတော့ ရောက်မလာသေးပါ။
“အဲသည်ကောင် စိမ်းမောင်ဟာ အဲသလိုပဲ”
“သူလည်း အလုပ်တွေရှုပ်နေမှာပေါ့ မူးသာရာ၊ ဒီရက်ထဲ ဝါခူးဖို့အတွက် လူငှားတာ ရွာထဲက ဘယ်သူမှမရလို့ လုံးတုံးတို့ရွာဘက်အထိ အလုပ်သမားရှာနေရတာကိုးဟ”
“ရစ်ချတ်ပြောတာ ဟုတ်တယ်ကွ၊ ငါ့ကို လူရှာခိုင်းထားသေးတယ်”
သူတို့အဆိုအရ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်တို့ မိသားစုရဲ့ လယ်တွေ ယာတွေအတွက် စပါးကြဲဖို့တို့၊ ပေါင်းရှင်း မြက်နှုတ်ဖို့တို့၊ ပြောင်းစိုက်ဖို့တို့၊ ကြက်သွန်စိုက်ဖို့တို့၊ ပေါင်းဆေးဖြန်းဖို့တို့၊ ရိတ်ဖို့တို့ ဘာတို့အတွက် အခုနောက်ပိုင်းမှာ အလုပ်သမားငှားမရတဲ့ ပြဿနာနဲ့ ကြုံနေရပါသတဲ့။ အစပိုင်းတုန်းက သိပ်မသိသာလှပေမဲ့ အခုနောက်ပိုင်းမှာတော့ သိသိသာသာကြီးကို ငှားမရတော့တာပါတဲ့။
“သူတို့သားအဖတွေ လူရှာမရတဲ့ပြဿနာက ကြီးထွားလာပြီဟ၊ နောင်ဆို ဒီ့ထက်ပိုပြီး ဆိုးမယ့်သဘောပဲ”
“အေးကွာ . . . ဒီကောင်တွေ ခုထက်ထိကို အသိတရား မရသေးဘူး၊ သဘောမပေါက်ကြသေးဘူး”
ဒီမိသားစုက ‘မြဝတီ’ သတင်းတွေကို ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အကျယ်ကြီးဖွင့်ဖွင့်မြဲပါတဲ့။ မအလ အာဏာရူးတာကိုလည်း ခုထက်ထိ ထောက်ခံကာ သဘောတွေကျနေကြသူတွေပါတဲ့။ ရုရှားကိုလည်း သောက်ရမ်းကို အထင်ကြီးသူတွေပါတဲ့။ ပြီးတော့ သူတို့ပါးစပ်ဖျားမှာ ‘လျှပ်စစ်ရထား’ တို့၊ ‘လျှပ်စစ်ကား’ တို့ဆိုတဲ့ ‘စိတ်ကူးယဉ်စီမံကိန်းတွေ’ ရှိပါသတဲ့။ အဆိုးဆုံးကား စစ်ကောင်စီလေတပ်က ရွာတွေကို ဗုံးမိုးရွာတဲ့ရက်ဆို ဒင်းတို့တွေရဲ့ မျက်နှာတွေဟာ ‘မှတ်ပလားကွ’ ဆိုတဲ့ အပြုံးတွေတောင်မှ ဖူးပွင့်နေတာပါတဲ့။
သည်ရွာမှာ သူတို့မိသားစုရဲ့ ခေါင်းပုံဖြတ်မှု၊ မောက်မောက်မာမာနိုင်မှု၊ နင်ပဲငဆပြောမှု၊ ငါအကုန်သိ ငါအကုန်တတ် ‘စဆရက’ လေသံတွေကြောင့် ရွာကရွံကာ ‘ကျဉ်’ ထားသလို အခြေအနေပါတဲ့။ ဒါကိုလည်း ဂရုမပြုဘဲ ခုထက်ထိကို စဆရက လုပ်ပြီး လေတွေမိုးတွေ ကြီးနေတုန်းပါတဲ့။ အဘစိမ်းမောင်သား အကြီးဆုံးဆိုရင် လေကြီးလွန်းလို့ အမည်ရင်း ‘လေးမောင်’ မှသည် ‘ဝစ္စနှစ်လုံး’ ပြုတ်ကာ ‘လေမောင်’ လို့ တွင်နေတာ ကြာပါပြီတဲ့။
(ခ)
နောက်ထပ် နာရီဝက်လောက်ရှိမှ အဘစိမ်းမောင် ပေါက်ချလာပါ၏။ ရောက်တာနှင့် လူငှားမရတဲ့ပြဿနာကို ဖွင့်ချလာပြန်ပါ၏။ စပါးချိန်တုန်းကလည်း စပါးချိန်မို့လို့၊ ပြောင်းချိန်တုန်းကလည်း ပြောင်းချိန်မို့လို့၊ အခုလို ပဲချိန်ကျတော့လည်း ပဲချိန်မို့လို့ အဲသည် အငှားမရတဲ့ပြဿနာပါတဲ့ ခင်ဗျာ။
“အရင်တုန်းက ရွာထဲကလူတွေ ‘လိုက်’ ချင်တာမှ ငမ်းငမ်းတက် . . . အခုမှ ဘာဖြစ်တယ် မသိဘူး . . . ငှားရင် မအားဘူးချည်းပဲ။ အကုန်လုံး သူဋ္ဌေးတွေဖြစ်ကုန်ကြပြီထင်ပါရဲ့”
“ဟား ဟား ဟား ဟား ဟား ဟား . . . .”
သူ့စကားကို ထရယ်ကြတော့ တင်းသွားပြီး ဘာကြောင့်ရယ်တာလဲလို့ မေးခွန်းထထုတ်ပါလေရာ ဟိုအဘတွေကလည်း သေသေချာချာကို ဖြေကြပြီး သွန်သင်ကြပါသဗျ။
အဘစိမ်းမောင်ကို ထင်ရာတွေ စွတ်စက်မလုပ်ဖို့၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ သဟဇာတဖြစ်ဖို့၊ ရပ်ရေးရွာရေးကို ဂရုပြုဖို့၊ အခုလို ခေတ်ပျက်ကြီးမှာ အမြင်တွေပြောင်းဖို့ . . . စုံနေအောင်ကို ပြောကြ နားချကြပါလေ၏။
ခဏနေတော့ သူ့သားကြီးသြရသ လေမောင် ဝူးဝူးဝါးဝါးနဲ့ရောက်လာကာ သတင်းပို့ပါ၏။ အဘလုံးတုံးတို့ရွာဘက်က ‘အငှားတွေ’ လာမယ်ပြောပြီး မအားလို့ ‘မလာဖြစ်ကြတော့ဘူး’ လို့ ဖုန်းဆက်ကြတယ်တဲ့။ အဘစိမ်းမောင်လည်း ရှူးရှူးရှားရှားတွေ ထပ်ဖြစ်ပြန်တာပေါ့ဗျာ။
“ဟေ့ကောင် လေးမောင် . . . ဘယ်သူ့မှငှားမရရင်လည်း ဘာဖြစ်လဲကွာ . . . ဒို့သားအဖတွေပဲ ကြဲလိုက်ကြရုံပေါ့ . . . ငွေကုန်တောင်သက်သာသေး . . . ဟေး ဟေး ဟေး”
“ဟာဗျာ . . . ကျုပ်တော့ မလုပ်နိုင်ပါဘူး”
“ဘာကွ”
အဘစောမူးသာတို့၊ အဘလုံးတုံးတို့၊ အဘရစ်ချတ်တို့ မျက်နှာတွေကတော့ ပြုံးစိ ပြုံးစိ တွေပါ။ အဘစိမ်းမောင်ကား ‘မျက်ထောင့်စိမ်းကြီး’ ဖြင့် ဒေါသမီးတွေ တောက်လောင်နေပါလေ၏။ သူ ဒေါသထွက်လေလေ ဟိုအဘတွေက ပြုံးလေလေပေါ့ဗျာ။
(ဂ)
အဘစိမ်းမောင် သားကြီးသြရသ ‘လေမောင်’ ပြန်သွားတော့ အဘစိမ်းမောင်မှာ ဒေါသတွေနှင့် ကျန်ခဲ့၏။ ကျန်အဘတွေကား တဦးမျက်နှာ တဦးကြည့်ကာ အဓိပ္ပါယ်ပါပါ ပြုံးနေကြပါလေ၏။ ခဏနေတော့ အဘစောမူးသာက စကားစပါ၏။
“မင်းတို့အဖြစ်ကလည်း ဟိုကောင် ကြင်စိုး သာဝ မအလရဲ့ အဖြစ်အတိုင်းပါပဲလား”
“ဘာပြောတယ် မူးသာ . . . ဘာဆိုင်လဲ”
“အေး . . . အဲသည်ကောင်ကြင်စိုးကို ကြည့်၊ သူ့ကို ဘယ်သူကမှ အဖက်လုပ်ပြီး မဆက်ဆံချင်ကြတော့ဘူး”
“အဲဒါ ငါနဲ့ဘာဆိုင်လဲ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
သည်အဘတွေကတော့ အဲသလိုဗျို့။ ပြီးရင်တော့ အဘစိမ်းမောင်တယောက် ဒေါသတကြီးနဲ့ ထပြန်သွားလိမ့်အုံးမယ်လို့ ထင်တာပါပဲဗျာ။
“ဒီမှာ မူးသာတို့ လုံးတုံးတို့ ရစ်ချတ်တို့ . . . ငါ လူငှားမရတာက ငါ့ကိစ္စ . . . နစကဥက္ကဋ္ဌကြီးကိစ္စက သူ့ကိစ္စ . . ဘာမှမပတ်သက်ဘူး”
“ဟား ဟား ဟား ဟား ဟား ဟား . . . .”
“ဘာရယ်ကြတာလဲ”
“‘မဆိုင်ဘူး’ ဆိုတာကို သဘောကျလို့ပါ”
“အေးလေ . . ဘာမှမဆိုင်ဘူးဟေ့ကောင်”
ကျန်အဘတွေကား ပြုံးစိပြုံးစိမှသည် ပြုံးဖြဲပြုံးဖြဲအဆင့်သို့ ရောက်လာပြီဖြစ်ပါ၏။ ပြီးတော့ တဦးကိုတဦး စိုက်ကြည့်ကြပါလေ၏။ ပြီးတော့ အဘမူးသာက စကားဝိုင်းကို အနားသတ်ပါလေတော့၏။
“မင်း မဆိုင်ဘူးယူဆရင်လည်း ဒီပုံစံအတိုင်းပဲ ဆက်လျှောက်ပေါ့ကွာ . . . ဟိုတခါ မင်း အိပ်ယာထဲလဲနေတုန်းက ရွာထဲက ဘယ်သူတွေ လာမေးသလဲ”
“အဲ . . . ဘယ်သူမှ မေးမေး မမေးမေးဟေ့”
“အေး . . . ဒီအတိုင်းသာဆက်သွားကြည့် .. . . မင်းနာရေးမှာ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူးဗျား . . .”
“ဟား ဟား ဟား ဟား ဟား ဟား . . . .”
အဘစိမ်းမောင်ကား ခြေသံပြင်းပြင်း ဆောင့်ကာနင်းပြီး မျက်ထောင့်စိမ်းကြီးများဖြင့် ပြန်တော်မူသွားပါလေပြီတကား။ ။
ဖေကြီး (လေရှီး)
နွေဦးလေကြမ်း မြို့တွေပေါ်မှာ ရမ်းကားခဲ့ချိန် အသိုက်အမြုံမှလွင့်စင်ထွက်ခဲ့သည့်လူ တွေထဲမှာ လူပျိုသိုးဖေကြီးလည်းပါ၏။
လေနှင်ရာ လွင့်ပါလာရင်း ဟိုအပင်မှာခဏနား သည်ခြုံလေးမှာခဏခို ဆိုသလိုဖြင့် ခုချိန်အထိတော့ ကိုယ့်အသိုက်အမြုံရှိရာကို ပြန်လည်ဦးတည်ပျံသန်းဖို့ အခြေအနေ မပေးသေး။ သို့ဖြင့်လက်ရှိ ခိုနားခွင့်ရရှိနေရာ နေရာကလေးမှာ ပြန်လည်ပျံသန်းဖို့အရေး အမွေးအတောင်တွေကို ပြန်လည်ပြုစုပျိုးထောင်ကာ အားသစ်အင်သစ်တွေကိုဂရုတစိုက် မွေးနေချိန်ဟု ဆိုရပါလိမ့်မည်။
လေပြင်းမုန်တိုင်းအရှိန်ဖြင့် လွင့်စင်ထွက်ခဲ့ပြီး ဟိုရောက် သည်ရောက် တောရောက်တောင်ရောက်ဖြင့် မထင်မှတ်သည့်နေရာများကို ဖြတ်သန်းခဲ့ရ၏။ ခေတ္တခဏ နားခိုခွင့်ရခဲ့သည့် နေရာလေးတွေမှာ ကူညီဆောင်မမည့်သူများနှင့် ဆုံဆည်းခွင့်ရခဲ့သည်ကတော့ ကံ တရား၏ မျက်နှာသာပေးမှုပါပေ။
ဆုံတွေ့ခင်မင်ခွင့်ရခဲ့သည့်သူများအားလုံးနှင့် အဆင်ပြေပြေနေနိုင်ခဲ့သည်မှာလည်း ကောင်းလေစွပါတကား။ နီသူကလည်းခင်၏၊ စိမ်းသူကလည်း ခင်၏။ ဝါသူကလည်း ခင်၏။ ပြာသူကလည်း ခင်၏။ ကံအကျိုးပေးမဆိုးဟု ဆိုရပေမည်။
လက်ရှိ အနေကြာခဲ့ရာ သည်ရွာကလေးမှာကား အတော်များများနှင့် ဆွေမျိုးရင်းချာတွေကို ဖြစ်လို့နေပေပြီ။ ' စိမ်းသရဖူ စိမ်း ' တောင်ကျောင်းကိုယ်တော်နှင့်လည်း ခင်နေပြီဖြစ်၏။ ' ရဲရဲတောက်အနီ' မြောက်ကျောင်းဆရာတော်နှင့်လည်း ရင်းနေပြီဖြစ်၏။
အရင်းဆုံးများကား စာသမားများဖြစ်သည့် အဘစောမူးသာတို့ အဘထွန်းခင်တို့ အဘ ရစ်ချတ်တို့ အဘစစ်ပြန်ကြီးလုံးတုံးတို့တွေဖြစ်ပါလေ၏။ သူတို့နှင့်ကား အမြဲမပြတ်ဆိုသလို ဆုံတွေ့နေကျ စကားဝိုင်းနေကျဖြစ်ရာ သူတို့၏ ရေနွေးကြမ်းဝိုင်းများမှနေ၍ ဗဟုသုတမှတ်စရာတွေအပြင် စိတ်လက် ပေါ့ပါးဖွယ် ဟားစရာတွေပါ ရရှိပါလေ၏။
ဒီလို ခေတ်ဆိုး ခေတ်ကြပ် ခေတ်ပျက်ကြီး ထဲမှာ ဒီလောက်စိတ်မချမ်းမြေ့စရာ စိတ် ပျက်စရာတွေ ပြည့်လျှံနေတဲ့ကာလကြီးမှာသည်ဘိုးတော်တွေနှင့် ဆုံတွေ့ခွင့်ရရှိခဲ့တာ ကံကောင်းမှုတစ်ခုပါပေ။ သူတို့နှင့် ဆုံလိုက်တိုင်း ဆုံလိုက်တိုင်း ပိတ်လှောင် မွန်းကြပ်နေရမှုတွေ ခေတ္တခဏဖြစ်ဖြစ် လျှော့ပါးသွားတာကတော့ အမှန်ဖြစ်ပါ၏။
ဒီနေ့ အဘစောမူးသာတို့အိမ်ရောက်တော့ သူတို့ငယ်ပေါင်း အဘဦးသိမ်းမောင်ကိုပါ တွေ့ရပါတယ်။ သူကလည်း စိမ်းသရဖူစိမ်းပဲဆိုတော့ သူတို့က "စိမ်းမောင်"လို့သာ ခေါ်ကြပါလေ၏။ သူတို့စကားဝိုင်းမှာ တဝါး ဝါး တဟားဟားပါ ခင်ဗျ။
"ဘယ်လိုလဲစိမ်းမောင် မင်းတို့အဘ ကြင်စိုး သာ၀ မအလ၊ နိုင်ငံတော်သစ်ကြီး တည်ဆောက်နေတာ ဘယ်လိုအခြေအနေ ရောက်နေပြီလဲ . . . ဟဲဟဲ ဟဲဟဲ ဟဲဟဲ။"
" အဲ . . . အင်း . . . သူလည်း သူလုပ်နိုင်သလောက် ကြိုးစားလုပ်ကိုင်ပေးနေတာပဲ။"
" ဘာတွေများ လုပ်ပေးနေတာရှိလဲဟ။"
" မင်းတို့တွေ ' မြဝတီ ' ကြည့်ကွ . . . သူဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအကျိုးအတွက် အတော့်ကို ရုန်းကန်ကြိုးစားနေတာ တွေ့ရလိမ့်မယ်။"
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
အဘစိမ်းမောင်စကားကိုအကြား ကျန်အဘများ ထပြီးရယ်ချလိုက်တာ အုန်းအုန်းကိုထလို့ပါခင်ဗျ။ တဟားဟားရယ်သံတွေဟာ တော်တော်နဲ့ကို အပြီးမသတ်ပါဘူး။ မအလ လုပ်သမျှ ပေါက်တတ်ကရလို့ ဟားတဲ့သူတွေနဲ့ ကြင်စိုးလုပ်သမျှ ကောင်းသဗျလို့ မျက်ကန်း တစ္ဆေမကြောက် စွတ်စက်ထောက်ခံမြဲလူနဲ့ကတော့ ဒီလိုပါပဲ ခင်ဗျား။
"မူးသာတို့ လုံးတုံးတို့ ရစ်ချတ်တို့ . . . နင်တို့က TV ကလာတဲ့သတင်းမှ မကြည့်တာ။"
"အဲ . . . ဟဲဟဲဟဲ . . . ဆိုပါအုံးဟ၊ ကြင်စိုးက နိုင်ငံ့အကျိုးအတွက် ဘယ်လိုတွေများ စွမ်းဆောင်တော်မူနေတာပါလိမ့်။"
အဘစိမ်းမောင်က မျက်စောင်းကြီး ထိုးကာ ထိုးကာဖြင့် ဘယ်ကစပြောရမလဲဆိုတာကို ရှာဖွေကာ စကားလုံးစီနေသလိုပါ ခင်ဗျ။ ပြီးမှ သည်လိုစပြောပါ၏။
"မြန်မာနိုင်ငံကောင်းစားဖို့အတွက် ရုရှားနိုင်ငံတော်ကြီးကို စွန့်စွန့်စားစားသွားပြီး ရုရှားသမ္မတကြီး ပုတင်နဲ့ ဆွေးနွေးခဲ့တာ ကွ . . .။"
" ဟားဟား ဟားဟား ဟားဟား . . . . ' ပုတင် ' မဟုတ်ပါဘူး၊ ' ပူတင် ' ပါဟ" " ဟားဟား ဟားဟား ဟားဟား . . . . "
"အေး . . . ပူတင်ကလည်း မြန်မာနိုင်ငံအတွက် အစစအရာရာ ကူညီမယ်လို့ ကတိပြု ပြောကြားခဲ့တယ်တဲ့ကွ။"
" ဟုတ်လားဟ . . . "
" ဘာဖြစ်လို့လဲ လုံးတုံးရ "
"ဘာဖြစ်ရမတုန်းဟ . . . ပူတင်က ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲလို့ သူ့ကို ကမ္ဘာ ကလည်းလက်မခံ သူ့နိုင်ငံသားတွေကလည်း ကန့်ကွက်နဲ့ ရေရေလည်လည်ကို အကြပ်ရိုက်ပြီး ရူးမလိုလို ဖြစ်နေတဲ့ဟာကို။ "
အဘရစ်ချတ်အပြောကို အဘစိမ်းမောင်က မျက်မှောင်ကျုတ်ကာကြည့်ပြီး ပြန်လည်ချေပပါလေ၏။
"အေး . . . သူ့ဟာနဲ့သူ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတော့ 'ကူညီမယ် ' လို့ ကတိပြုလိုက်တာကွ . . . ပူတင်က။"
" ဟေ . . . အဲသလိုလားဟ။ "
" အေး . . . ဟုတ်တယ်ကွ . . . အရင်ဦးဆုံးအနေနဲ့ ငါတို့နိုင်ငံက စက်သုံးဆီပြတ်လပ်နေမှုကို ကူညီဖို့ ရုရှားကနေ စက်သုံး ဆီတွေကို သင်္ဘောကြီးတွေနဲ့ လာပို့မတဲ့။"
" ဟေ . . . အဟုတ်ပါပဲလားဟ . . . " " အဲဒါပြောတာပေါ့ကွ သူငယ်ချင်းတို့ရ။"
အဘဦးစိမ်းမောင်ကား မျက်နှာကြောတွေလျော့ကာ ကျေနပ်သွားသယောင်ပါခင်ဗျ။ အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘရစ်ချတ်တို့ကား ပြုံးစိပြုံးစိဖြင့် ဖေကြီးကို လှမ်းကြည့်ကြပါလေ၏။ ခဏနေတော့ အဘစောမူးသာက အဘစိမ်းမောင်ကို မေးပါလေ၏။
"ဒါနဲ့ နေပါအုံး စိမ်းမောင်ရ . . . ရုရှားက ဆီတွေ မြန်မာပြည်ကိုပို့မယ်ဆိုတော့ လမ်းခရီးက အဝေးကြီးပတ်ရမှာဟ၊ သယ်ယူစရိတ်တွေနဲ့ ထပ်ဆောင်းပြီး ဆီဈေးတွေ ပိုပြီး မကြီးနိုင်ဘူးလား။"
" အဲ . . . အဲ . . . အဲဒါတော့ သူတို့ ကြည့်ကြက်ပြီး အဆင်ပြေအောင် ဈေးသက်သာအောင် လုပ်ပေးကြမှာပေါ့ကွာ ။"
အဘစောမူးသာ၏မျက်နှာမှာ အတွေးရရင် ပြုံးသည့် သူပြုံးနေကျအပြုံးကို ရုတ်တရက် မြင်ရပါလေ၏။ ဘယ်လိုများပါလဲ။
" အေးကွာ . . . သီတဂူဆရာတော်ကြီး ပြောသလိုပဲ ' ရုရှားနိုင်ငံတော်ကြီး အေးချမ်းပါစေ . . ' ဘာညာ မေတ္တာပို့သရတော့မှာပဲ။"
" အေးကွ . . . ဆုတောင်းမေတ္တာ ပို့ပေးရမှာ ပေါ့ကွာ . . . ကိုယ့်ကျေးဇူးရှင်နိုင်ငံကြီးကို။"
အဘစောမူးသာ ထပ်၍ထပ်ကာ ပြုံးလာပါလေ၏ ခင်ဗျာ။ ပြီးတော့ နှုတ်တပြင်ပြင် အသွင်ကို မြင်ရပါလေ၏။ တစ်ခုခုတော့ ' သော ' တော့မည် ထင်ရ၏။
" အေးဟ စိမ်းမောင်ရ . . . လိုင်းပေါ်က ဇာတ်လမ်းလေးလိုမျိုးဖြစ်နေမှာပဲ စိုးရိမ် ရသကွ။"
" ဘယ်လိုဟာလဲ မူးသာရ "
"ဒီလိုကွ မင်းတို့ပူတင်ရဲ့ရုရှားက ဆီတင်သင်္ဘောကြီးဧရာမ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်လာသတဲ့။"
" အေး . . . "
"ရောက်ရောက်ချင်းပဲ မြန်မာပြည်က တာဝန်ရှိသူတွေက သင်္ဘောပေါ်တက်ပြီး ကပ္ပတိန်နဲ့တွေ့တာပေါ့။ "
" အင်း . . . "
" ကပ္ပတိန်က ' ခင်ဗျားတို့ကို ဆီတန်ချိန်သုံးသောင်းလာပို့တာ ' ဆိုတော့ ဒီကလူကြီးက ' ဟုတ်ကဲ့ . . . အဲဒါ လာသယ်တာပါ ' ပေါ့ "
" အေး . . . "
"ကပ္ပတိန်က ပြောတယ် 'အခုလောလော ဆယ်တော့ ကျွန်ုပ်သင်္ဘော ဆီတိုင်ကီကြီးထဲကို မြန်မာပြည်ကဆီတန်ချိန်သုံးသောင်းပြန်ပြီး အပြည့်ဖြည့်ပေးပါ ' တဲ့ "
" ဘာဖြစ်လို့လဲဟ . . . "
"သူက ရုရှားကနေ မြန်မာပြည်ကို မောင်းလာတာ သင်္ဘောထဲကဆီမလောက်လို့ ဗမာပြည်အတွက်တင်လာတဲ့ ဆီတန်ချိန်သုံးသောင်းကိုပါထည့်ပြီးမောင်းလာခဲ့တာ။ ဒီလည်း ရောက်ရော ကုန်ရောတဲ့။ ဒါကြောင့် ဒီကိုပို့ပေးမယ့် နောက်ထပ် ဆီတန်ချိန်သုံးသောင်းကို ရုရှားပြန်ပြီးတင်ဖို့ လောလောဆယ် ဆီတန်ချိန်သုံးသောင်း အပြည့် ပြန်ဖြည့်ပေးပါတဲ့ကွ . . . "
" အဲသည်တော့ . . . "
" အဲသည်တော့ သူတို့ ရုရှားပြန်မယ်၊ ဆီတန်ချိန်သုံးသောင်း ပြန်သယ်လာမယ်။ ပြီးရင် မြန်မာပြည်ကို ပြန်မောင်းလာခဲ့မယ်။ ရန်ကုန်ဆိပ်ကမ်းရောက်လို့ ဆီတန်ချိန်သုံး သောင်းကုန်သွားပြန်ပြီဆိုရင် မြန်မာပြည်ကဆီတန်ချိန်သုံးသောင်းထည့်ပြီး ရုရှားကို ပြန်မောင်းမယ်။ . . . ဟိုပြန်ရောက်ရင် ဆီ တန်ချိန်သုံးသောင်းဖြည့်ပြီး မြန်မာပြည်ကို ပြန်သယ်မောင်းလာမယ် . . "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား ပါးစပ်မှ ပွစိပွစိဆဲကာ ကြမ်းပြင်ကို ဇောင့်ဇောင့် ဇောင့်ဇောင့်နှင့် ခပ်ကြမ်းကြမ်းနင်းပြီးသကာလ ပြန်ချသွားပါလေပြီတကား။ ။
ဖေကြီး(လေရှီး)