close

ကြည့်ငိုတောင်

close

July 20, 2021

ပေါက်မြို့နယ် ကြည့်ငိုတောင်အနီး မိုင်းနင်းမိသဖြင့် စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကြည့်ငိုတောင်အနီးမှာ ဇူလိုင် ၁၉ ရက်နေ့ညက မိုင်းနင်းမိပြီး စစ်ကောင်စီတပ်သား ၁၂ ယောက်လောက် သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် PDF အဖွဲ့ကနေ သိရပါတယ်။

ပေါက် PDF အဖွဲ့က ကြည့်ငိုတောင်အနီးမှာ မိုင်းထောင်ထားတဲ့ဟာကို စစ်ကောင်စီတပ်ဖွဲ့က နင်းမိပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ PDF အဖွဲ့ တာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF အဖွဲ့က မိုင်းထောင်တိုက်ခိုက်နေတာဖြစ်ပြီး ၂ ရက်အတွင်း ၅၆ ယောက် သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုတွေ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး သက်ကြီးဘိုးဘွားနှစ်ယောက်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

1 week Ago

July 19, 2021

ပေါက်မြို့နယ် ကြည့်ငိုတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် မိုင်းနင်းမိပြီး သေဆုံး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကြည့်ငိုတောင်မှာ ခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  မိုင်းနင်းမိပြီး  ၄၄ ယောက်သေဆုံးသွားတယ်လို့ ဒေသခံ  PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၁၈ ရက်နေ့မှာ စစ်တပ်က ကြည့်ငိုတောင်ကိုတက်လာပြီးတော့ မနက်ပိုင်းက မိုင်း ၂ လုံးကွဲကာ ၁၅ ယောက်သေဆုံးသွားခဲ့ကာ အဲဒီအလောင်းတွေကို ညနေပိုင်း လာသယ်ရာမှာ ထပ်မံ မိုင်းကွဲပြီးတော့ ၁၇ ယောက်  ထပ်သေဆုံးခဲ့တယ်လို့  PDF ဆိုပါတယ်။

မနေ့က မိုင်း ၅ လုံးကွဲခဲ့ပြီးတော့ ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ မိုင်းတစ်လုံးကွဲခဲ့ကာ နောက်ထပ် ၁၂ ယောက်ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ယောက်သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့က ပြောပါတယ်။

“သူတို့က ကင်းဆုတ်ရွာကို ဝင်ပြီးတော့ လက်နက်ကြီးတွေနဲ့စပစ်တာ ၄ ရက်လောက်ရှိပြီးတော့ အပြစ်မဲ့ အမျိုးသမီးတစ်ယောက်ကို ထိမှန်ပြီးသေဆုံးခဲ့ပြီးတော့ ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဘေးအိမ်က မွေးမြူထားတဲ့ ဝက်တွေကိုလည်း သတ်စားတယ်” လို့  PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေတိုက်ပွဲဖြစ်ပွားရာမှာလည်း  PDF တပ်ဖွဲဝင်တစ်ယောက်နဲ့ အပြစ်မဲ့ အမျိုးသမီးတစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်အတွင်း အဆိုပါ မိုင်းကွဲတဲ့ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကတော့  သတင်းထုတ်ပြန်တာမရှိ သေးပါဘူး။

1 week Ago
Up