ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ပြည်သူပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်တာနဲ့ ကျန်ရှိပစ္စည်းတွေကို ဖျက်ဆီးခဲ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့(စကခ- ၁၃) စကခမှူး မျိုးဆက်အောင်၊ လက်အောက်ခံ(နဗဟ-၂) နဗဟမှူး ကိုကိုထက်နဲ့ (ခမရ-၅၆၁) ဒုတပ်ရင်းမှူး ရန်အောင်ဦးဆောင်ပြီး (ခမရ-၃၃၉) တပ်ရင်းစစ်ကြောင်းနဲ့အတူ ကွီးလုံးတိုင်တပ်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်ခဲ့ပါတယ်။
အဲဒီနောက် ကြယ်ဖလဲကျေးရွာကိုသွားရောက်ပြီး ဒေသခံရွာသား စောခလို့ဖိုးကိရဲ့ နေအိမ်ကနေ ဆိုလာပြား ၂ ချပ်၊ မြတ်ရိတ်စက်တခု ၊ ထိုင်းဘတ်ငွေ ၂၅၀၀ ကို အဓမ္မ လုယူသွားပြီး ဒယ်အိုး ၄ လုံးနဲ့ ဆန်ပုံး ၃ ပုံးကို ဖျက်စီးခဲ့ပါတယ်။
ဒေသခံရွာသား တဦးက “ရွာမှာက အဲဒီကောင်တွေလာရင် ဘယ်သူမှမနေရဲဘူး။ လူမရှိတဲ့အချိန် သူတို့စိတ်တိုင်းကျယူတယ်။ ပြီးရင်ဖျက်ဆီးတယ်။ အခု စကခမှူး နဗဟမှူးတွေကိုယ်တိုင်က ပြည်သူပိုင်ပစ္စည်းခိုးယူတဲ့နေရာမှာ ကြံရာပါတွေ။ ဘယ်လောက်အခြေအနေဆိုးလဲဆို ခိုးမှစားရတဲ့ကောင်တွေ။ ပြီးရင် ရွာတွေပါမီးရှို့တဲ့ အဖျက်အမှောင်စစ်တပ်”လို့ ပြောပါတယ်”
ဒါအပြင် စစ်ကောင်စီတပ်တွေဟာ တကုခီးကျေးရွာကိုပါဝင်ရောက်ပြီး ဒေသခံရွာသား စောဘလူမှူးရဲ့ VIVO ဖုန်းလုံး၊ စောဒေးဒေးစိုးရဲ့ VIVO ဖုန်း တလုံး၊ စောတာကလို့ရဲ့ VIVO ဖုန်းတလုံး၊ စောထီးမှူးစျေးဆိုင်ကနေ ကာလတန်ဖိုး မြန်မာငွေကျပ် ၁၆၀၀၀၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပါ အတင်းအဓမ္မယူဆောင်သွားခဲ့ပါတယ်။
အဲဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း ဆိပ်ကြီးဗျူဟာမှူး အောင်မျိုးထွန်း ဦးဆောင်ပြီး ခလရ-၃၂ တပ်စခန်းကနေ (၁၂၀မမ) လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကာလီခီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ဒေသခံနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ကော့ကရိတ်အမြာက်တပ်က တောင်ကြာအင်းစံပြကျေးရွာအတွင်းကို လက်နက်ကြီး (၁၅၀ မမ)နဲ့ ပစ်ခတ်ခဲ့လို့ တောင်ကြာအင်းဆေးရုံကုန်းနဲ့ ဒေသခံနေအိမ် ၂ လုံးပေါ်ကျရောက်ပေါက်ကွဲ မီးလောင်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝေါမာကျေးရွာတံတားဦးမှာ စစ်ကောင်စီလက်အောက်ခံ ခမရ ၄၃၂ တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် (KNLA) တပ်ရင်း ၁၇၊ တပ်ခွဲ ၂ တို့ စက်တင်ဘာ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဗိုလ်မှူးအောင်နိုင်လင်း ဦးဆောင်တဲ့ ခမရ (၄၃၂) တပ်ရင်းက အင်အား ၇၀ လောက်နဲ့ လက်နက်အပြည့်အစုံနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဝေါမာ (အလယ်ရွာ)ကျေးရွာ တံတားဦးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး KNLA ဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်အုပ်စုတပ်က ခမရ(၄၃၂)တပ်က ရမ်းသန်း ပစ်ခတ်နေပြီး ပြည်သူတွေရဲ့ နေအိမ် ကျည်ဆန်ထိမှန် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ကေအန်ယူ- ဒူးပလာယာခရိုင်၊ အမှတ်(၆)တပ်မဟာ၊ ဝင်းရေးမြို့နယ်၊ တပ်ရင်း(၁၆) ဘက်မှာလည်း စစ်သားတွေကို လျှို့ဝှက်ပို့ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။