မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာသင်ကြားရေး ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲကို ဩဂုတ် ၂ ရက်က ကျင်းပခဲ့တယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ - Board Of Education – Myaing က သတင်းထုတ်ပြန်ပါတယ်။
ဒေသခံတဦးက “မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းက ဆရာ၊ ဆရာမများ သင်ယူခဲ့ကြပြီး ပညာရေးစိတ်ဝင်စားတဲ့ မိဘပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ ကြားကာလ ပညာသင်ကြားရေးကို NUG ရဲ့ အစီအစဉ်အတိုင်း ဖွင့်လှစ်သင်ကြားနေတဲ့ ပြည်သူ့အခြေပြုကျောင်းပေါင်း ၁၅၀ ဝန်းကျင်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၂၅,၀၀၀ ဝန်းကျင် တက်ရောက် ပညာသင်ကြားလျက်ရှိပြီး CDM ဆရာ၊ ဆရာမနဲ့ Volunteers စုစုပေါင်း ၂,၅၀၀ ဝန်းကျင်နဲ့ သင်ကြားနေပါတယ်။
ကျောင်းတွေအားလုံး ရပ်ရွာအစီအစဉ်နဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြတာဖြစ်ပြီး NUG ကရော မြိုင်ပညာရေးဘုတ်အဖွဲ့ကပါ ငွေကြေးတစုံတရာ ထောက်ပံ့ကူညီပေးနိုင်တာ မရှိသေးဘူးလို့ Board Of Education–Myaing မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆိုပါတယ်။
မြိုင်ြမို့နယ်မှာ ကြားကာလ ကိုယ်ထူကိုယ်ထ ကျေးရွာစာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာ တနှစ်ကျော်ရှိပြီလို့ ဒေသခံတဦးက ပြောပါတယ်။