မွန်ပြည်နယ်၊ မော်လမြိုင်မြို့က လူမှုကူညီရေးအဖွဲ့တွေဟာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မော်လမြိုင်မြို့မှာရှိတဲ့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအသင်း၊ ရာမည အရေးပေါ်လူမှုကူညီရေးအသင်း၊ အေးမြကြည်လင် လူမှုကူညီရေးအသင်း၊ မော်လမြိုင် လူမှုကယ်ဆယ်ရေးအသင်း စတဲ့ အသင်းကြီး ၄ သင်းက ပူးပေါင်းစီစဉ်ထားတယ်လို့ သိရပါတယ်။
အဓိက ကယ်ဆယ်ရေးသမားတွေ၊ မုန်တိုင်းအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ အရေးပေါ်အခြေအနေတွေ အတွက်ပါ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ မော်လမြိုင်က မိုးများတော့လေ နှစ်စဉ် ၅ လပိုင်း မိုးကြိုလေကြိုကာလမှာ ၂၀၁၈ ကနေစပြီး ၂၀၂၂ အထိ လေပြင်းကျတာတွေကြောင့် သစ်ပင်ကျိုးတဲ့ ဖြစ်စဉ်တွေက ဖြစ်နေကြဆိုတော့ ပြည်သူလူထုအနေနဲ့ နေအိမ်ထိခိုက်နိုင်တဲ့ သစ်ပင်တွေ ခုတ်ထားဖို့နဲ့ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” လို့ ပြောပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လက မိုးကြီးပြီး မြေပြိုမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေကို တနာရီ လေတိုက်နှုန်း မိုင် ၉၀ မှ ၁၂၀ အထိ ရှိတဲ့ မုန်တိုင်း တိုက်ခတ်နိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မွန်ပြည်နယ်ရုံးက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို ကြေးနန်းစာတွေ ပို့ထားတယ်လို့ သိရပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ ဆိုက်ကလုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ မိုးကြီးတာ ရုတ်တရက်ရေကြီးတာတို့ ဖြစ်ပေါ်နိုင်လို့ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ ထိခိုက် ပျက်စီး ဆုံးရှုံးမှု မဖြစ်စေရေး လိုအပ်တဲ့ အကာအကွယ် အစီအမံတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းက သတိပေးစာ ထုတ်ပြန်ထားပါတယ်။
မေလ ၉ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ ဒေသတွေကို တနာရီလေတိုက်နှုန်း မိုင် (၉၀ မှ ၁၂၀) အထိ ပြင်းအားရှိတဲ့ လေမုန်တိုင်း ဝင်ရောက်လာနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ မိုးလေဝသအဖွဲ့တွေက ခန့်မှန်းထုတ်ပြန်ထားကြတာဖြစ်ပါတယ်။
ဒါ့ကြောင့် မုန်းတိုင်းဘေးကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရူံးမှု မရှိစေရေးအတွက် လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် အကာအကွယ်၊ အစီအမံတွေ ကြိုတင်ထားကြဖို့ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့အချို့က သတိပေးထားပါတယ်။
အလားတူ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတွေကို အမိုးအကာတွေအောက်နဲ့ သဘာဝဘေးအန္တရာယ်ကနေ ကင်းလွတ်နိုင်မယ့် နေရာတွေမှာ ဆန်စပါးတွေကို စနစ်တကျ သိုလှောင်မှု ပြုလုပ်ထားဖို့နဲ့ သိုလှောင်ရုံ အတွင်း အောက်ခြေမှာ ရေကြီးမှု၊ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လေ့ရှိတာကြောင့် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် နွေစပါး ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲနဲ့ ရိတ်သိမ်းဖို့ ကျန်ရှိနေတဲ့ နေရာတွေ အထူးသဖြင့် ကမ်းရိုးတန်း အနီးတဝိုက်ဒေသတွေမှာ နွေစပါး ရိတ်သိမ်းသိုလှောင်မှုတွေကို ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်စပါးကုမ္ပဏီတွေ အနေနဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေ၊ စိုက်ပျိုးရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းညှိနှိုင်းပြီး တောင်သူတွေကို တတ်နိုင်သမျှ ကူညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။
အသင်းချုပ်အနေနဲ့လည်း အရန်ရိက္ခာ ဆန်စပါး စုဆောင်းထားတာ၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ညိုနှိုင်း ဆောင်ရွက်တာတွေ ပြုလုပ်ထားကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လာမယ့် ၁၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း၊နဲ့ အဆိုပါ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်ပြီး မေ ၉ ရက်မှာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး မေ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို အားကောင်းလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
အခု ၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ လူပေါင်းသိန်းချီအသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်မှု ၁၅ နှစ် ပြည့်တဲ့ နှစ်လည်း ဖြစ်ပါတယ်။