မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာနေအိမ်မှာနေထိုင်တဲ့ စစ်ကောင်စီခန့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်းဟာ စက်တင်ဘာ ၁ ရက်နေ့ညနေ ၆ နာရီခွဲဝန်းကျင်လောက်က သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုသူဒေသခံတဦးက ''မှောင်ရီပျိုးတဲ့အချိန်ဆိုတော့ ရွာထဲမှာ သေနတ်သံတွေကြားတော့ အုပ်ချုပ်ရေးမှူး အပစ်ခံရတာတဲ့။ သူက စစ်ကောင်စီက ခိုင်းသမျှအကုန်လုပ်တာ။ အုပ်စုအုပ်ချုပ်ရေးမှူးနေရာ လိုချင်နေတာကြာပေါ့။ စစ်ကောင်စီလက်ထက် အုပ်ချုပ်ရေးမှူးလည်းဖြစ်ကရော အာဏာပါဝါတွေသုံးပြီး ရွာကပြည်သူတွေကို ဖိနှိပ်တော့တာပဲ။ အခုတော့ သကောင့်သား သွားရှာပြီ'' လို့ ပြောပါတယ်။
အိုင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်းဟာ ကျည်ဆန် ၁၅ ချက်လောက်ထိမှန်ပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အခုဖြစ်စဉ်ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြို့သစ်မြို့နယ်က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီသတင်းပေးတွေရဲ့ မိသားစုဝင်နဲ့ပတ်သက်တဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တာဝန်ယူမှာမဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းအုပ်စုမှာ စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး ဇူလိုင် ၂၈ ရက်နေ့ မနက် ၁၁ နာရီလောက်က အသတ်ခံခဲ့ရတယ်လို့ ကြို့ကုန်းကျေးရွာသားတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ကြို့ကုန်းရွာသားတစ်ဦးက “အသတ်ခံရတာ ဟုတ်တယ်ဗျ။ အမည်က ဦးကျော်စွာမြင့်ပါ။ အသက်က ၅၀ ဝန်းကျင်လောက်တော့ ရှိမယ်ဗျ။ သူက စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။ သူက အုပ်ချုပ်ရေးမှူးလည်း လုပ်တယ်။ ဖုန်းတာဝါတိုင် အဖျက်ဆီးခံရမှာမို့ ဖုန်းတာဝါတိုင်လုံခြုံရေး အစောင့်လည်းလုပ်တယ်ဗျ။ အခုအသတ်ခံရတာက ဖုန်တာဝါတိုင်အနီးမှာ အသတ်ခံလိုက်ရတာ။ ဘယ်သူက ဓားနဲ့ခုတ်သတ်သွားတယ်လို့တော့ မသိဘူဗျ” လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရတာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။