close

ကြို့ပင်ကောက်မြို့နယ်

close

December 6, 2021

ကြို့ပင်ကောက်မြို့နယ်တွင် လင်မယား ၂ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကျီစုကျေးရွာမှာ နေထိုင်တဲ့  လင်မယား ၂ ယောက်  ဒီဇင်ဘာ ၅ ရက် ည ၇ နာရီဝန်းကျင်က သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။

ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GBK-PDF) ပြန်ကြားရေးတာဝန်ခံက “ကျီစုရွာက ဒလန်လင်မယား ၂  ယောက်ကို ၈  တောင့်ကျွေးပြီး ရန်ကုန်ကသွေးကြွေးကို ပြန်လည်ရယူလိုက်တာပါ။ ရဲဘော်တွေလည်း ဘေးကင်းတဲ့နေရာကို ပြန်ရောက်ပါပြီ” လို့ ပြောပါတယ်။

နေအိမ်မှာ ပစ်ခတ်ခံရတာကြောင့် အမျိုးသားဖြစ်သူမှာ ကျည် ၃ ချက် နဲ့ ဇနီးဖြစ်သူမှာ ကျည် ၅ ချက်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆွေမျိုးနီးစပ်တဲ့ မိသားစုဝင်တဦးက “ဟိုတလောကလည်း သူတို့ကိုယ်တိုင် စစ်တပ်ကိုခေါ်လာပြီး ရွာထဲကို အော်ဆဲတယ်။ ရွာက NLD ဥက္ကဋ္ဌကိုလည်း စစ်သားတွေခေါ်လာပြီး သူတို့ကိုယ်တိုင် လိုက်ဖမ်းပေးခဲ့ကြတာ။ ရွာသားအချင်းချင်းတွေ အဲ့လိုမလုပ်ရဘူးလို့ ကြီးတဲ့သူက ဆုံးမတော့ 'ခင်ဗျားတို့ မသိပါဘူး။ ကျုပ်တို့အလုပ်ကိုဝင်မရှုပ်နဲ့' ဆိုပြီး အအော်ခံရတယ်။ အခုတော့ မရှုမလှဘဲ'' လို့ ပြောပါတယ်။

ပစ်သတ်ခံရတဲ့လင်မယားဟာ ကျီစုကျေးရွာအတွင်းမှာ တရားမဝင်လိုင်စင်မဲ့ အရက်ဆိုင်ဖွင့်လှစ်ကာ အရက်ရောင်းချနေသူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ကူညီတဲ့အနေနဲ့ ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေကြားရပါက အွန်လိုင်းပေါ်ကို ချက်ချင်းမတင်ကြဖို့  ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GBK-PDF) က မေတ္တာရပ်ခံထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲကလည်း ကြို့ပင်ကောက်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာရှိတဲ့ ဂိတ်စောင့်ရဲတပ်ဖွဲ့ဝင် ၁ ဦး ဂျင်ကလိနဲ့အပစ်ခံရသလို ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းပေါ်က စစ်ဆေးရေးဂိတ်လည်း ပစ်ခတ်တိုက်ခိုက်ခံရလို့ ဒုရဲအုပ်အဆင့်ရှိသူ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

1 week Ago

April 6, 2020

ကြို့ပင်ကောက်မြို့နယ်၌ ကျန်းမာရေးစစ်ဆေးမှုကို မကျေနပ်သူတစုက ဓားဖြင့်ဝိုင်းခုတ်သဖြင့် ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ကျန်းမာရေး လာရောက်စစ်ဆေးခဲ့တာကို မကျေနပ်သူ လူတစုက အုပ်စုဖွဲ့ပြီး ဓားနဲ့ဝိုင်းခုတ်တဲ့အတွက် အမျိုးသားတဦး သေဆုံးပြီး တဦး ဒဏ်ရာ (စိုးရိမ်ရ) ပြင်းထန်စွာ ရသွားပါတယ်။ ကြို့ပင်ကောက်မြို့နယ်မှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ လူအဝင်အထွက်များတဲ့အတွက် လာစစ်ပေးဖို့ ပတ်ဝန်းကျင်က တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ရာအိမ်မှူးနဲ့ တာဝန်ရှိသူ တချို့က သွားရောက်ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဖြေရှင်းပြီး နောက်တနေ့မှာတော့ တည်းခိုခန်းဝင်စစ်တာကို မကျေနပ်တဲ့ လူတစုက ရာအိမ်မှူးအိမ်ကို လာရောက်တိုက်ခိုက်ခဲ့ကြတာလို့ ကြို့ပင်ကောက်မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူးကျော်သန်းနိုင်က ပြောပါတယ်။ “အဲဒီဖြစ်စဉ်က လိုင်းပေါ်တောင်ပြန့်နေပြီ။ ဟုတ်တယ်။ အဲဒီဖြစ်စဉ်က အမှန်ပဲ။ အမှုဖွင့်ထားတယ်။ အဓိက တရားခံတွေကို လိုက်ဖမ်းနေတယ်။ အဓိက တရားခံက သုံးယောက်ပေါ့” လို့ ဒုရဲမှူးက ပြောပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရာအိမ်မှူးရဲ့ တူဖြစ်သူ သေဆုံးခဲ့ရပြီး ကျန်တဦးဟာလည်း ဒဏ်ရာပြင်းထန်တာကြောင့် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါရာအိမ်မှူးရဲ့ နေအိမ်က  ရွှေထည်နဲ့ ငွေသား ကျပ် သိန်း ၄၀ ကျော်လည်း ပျောက်ဆုံးနေတယ်လို့ ကြို့ပင်ကောက်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးအောင်ကိုမင်းက ပြောပါတယ်။ ထက်ဝေအောင်
2 years Ago
Up