အိုမီခရွန်ဗီဇမျိုးကွဲဟာ ဒယ်လ်တာဗီဇမျိုးကွဲထက် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုမှာ ပိုကြီးတဲ့ လှိုင်းကို ဖြစ်စေလိမ့်မယ်လို့ စင်ကာပူက မျှော်လင့်ထားကြောင်း စင်ကာပူ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးသားလို့ မှတ်ယူခံရဖို့ ဆေးအာနိသင် ထိန်းဆေး ထိုးဆေးကို လူကြီးတွေ မကြာခင် ထိုးနှံဖို့ လိုလိမ့်မယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။
အသက် ၁၈ နှစ်နဲ့အထက် အကျုံးဝင်သူအားလုံး နောက်ဆုံး ကာကွယ်ဆေး ထိုးပြီးတာ ရက်ပေါင်း ၂၇၀ ထက် နောက်မကျစေဘဲ ဆေးအာနိသင်ထိန်း ထိုးဆေးကို ဖေဖော်ဝါရီ ၁၄ ရက်က စပြီး အထိုးခံသင့်သလို ဒါမှသာ အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသားအဖြစ် မှတ်ယူရမယ်လို့ ကျန်းမာရေးဝန်ကြီးက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။
လူဦးရေ ၅ ဒသမ ၅ သန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ ကာကွယ်ဆေးအပြည့်ထိုးထားပြီးသူသာ ကုန်တိုက်တန်းတွေထဲကို ဝင်ခွင့်ရှိသလို စားသောက်ဆိုင်တွေ စားသောက်တန်းတွေမှာ စားသောက်ခွင့် ရှိပါတယ်။
အရင်အပတ်က စင်ကာပူနိုင်ငံမှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံ ၁၂၈၁ ယောက်ကို တွေ့ခဲ့လို့ အရင်အပတ်က ကူးစက်ခံ စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်း ဖြစ်လာခဲ့ပါတယ်။ ကပ်ရောဂါ ကူးစက်နှုန်းကို ထိန်းချုပ်ထားနိုင်ဆဲလို့ အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နှစ်သစ်ကူး ကာလမှာ အိုမီခရွန် ကူးစက်မှုလှိုင်း ရောက်လာမှာကို မျှော်လင့်ထားပေမယ့် လူငါးယောက်ထက် ပိုမစုရတဲ့ ကန့်သတ်ချက်လိုမျိုး ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းတွေကို ဆက်ပြီး ထိန်းသိမ်းသွားမယ်လို့ စင်ကာပူအာဏာပိုင်တွေက ပြောခဲ့ပါတယ်။