ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ၊ မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ၊ အမ်အန်ဒီအေအေ ကိုးကန့် ပူးပေါင်းအဖွဲ့တို့ မေ ၃၁ ရက်နဲ့ ဇွန် ၁ ရက်က တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က စီစီဝမ်တာပန်တောင်ရဲ့ မျက်နှာချင်းဆိုင်ဘက်၊ နမ့်ခေါင် ဆုတောင်းတောင်နဲ့ အဲဒီ တောင်ကြောတလျှောက်ဘက်၊ ဒီနေ့လည်း အဲဒီဘက်မှာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်ကစပြီး ၁၁ နာရီကျော်လောက်အထိ လက်နက်ငယ်သံရော လက်နက်ကြီးသံပါ ပြင်းပြင်းထန်ထန် ကြားနေရပြီး မွန်းလွဲ ၁ နာရီကျော်ထိ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
ကေအိုင်အေ ရှေ့တန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “အဲဒီဘက် ကိုးကန့်တွေလည်း ရောက်နေလို့လေ။ သူတို့က ခဏတဖြုတ် သွားလိုက်လာလိုက်ပဲ။ ဒီတခေါက်က ကေအိုင်အေနဲ့ ကိုးကန့် ပေါင်းတယ်။ စစ်တပ်က အင်အား ၁၅၀ လောက်ရှိမယ်။ ၉၉ ပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး သွားလာနေတာ သုံးလေးရက်လောက်ရှိပြီး ဒေသခံတွေက တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြကာ ယာခင်းနဲ့ ခြံတွေသွားရင် လုံခြုံမှု မရှိတာကြောင့် အလုပ်လုပ်ဖို့ အခက်ကြုံရတယ်လို့ ဆိုပါတယ်။
ဒေသခံ မိန်းကလေးငယ်တဦးက “တနေ့က အဖွားနဲ့ ခြံသွားတာ လမ်းမှာ စစ်ကြောင်းနဲ့တွေ့လို့ တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး လမ်းကနေ လှည့်ပြန်ခဲ့တယ်။ စစ်သားတွေ အများကြီးပဲ”လို့ ပြောပါတယ်။
မနေ့က မိုင်ဖန် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၅ ကြိမ်လောက်နဲ့ ၁၀၅ မိုင် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၆ ကြိမ်လောက် ပစ်ကူခဲ့ပြီး ဒီနေ့မှာလည်း မိုင်ဖန်နဲ့ ၁၀၅ မိုင် စစ်ကောင်စီတပ်တို့ကနေ လက်နက်ကြီး အကြိမ်ကြိမ်ပစ်ကူသံ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၄ ရက် ညကလည်း မိုင်ဖန်ရွာအနီးမှာ စစ်တပ်နဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ ပူးပေါင်းအဖွဲ့တို့ နာရီအနည်းငယ်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်ကလည်း မုံးပေါ်ဒေသ စီစီဝမ်တာပန် တောင်ခြေ ဟူဂန့်ရွာ အနီးတဝိုက် စစ်တပ်နဲ့ ကိုးကန့် အမ်အန်ဒီအေအေတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ဟူးဂန့်ရွာထဲက နေအိမ် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့သလို ကြံခင်း ဧက ၁၀၀ ကျော်လည်း လောင်ကျွမ်း ပျက်စီးခဲ့ပါသေးတယ်။
မုံးပေါ်ဒေသမှာတော့ စစ်ကောင်စီတပ်ဖွဲ့၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၊ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့တို့ လှုပ်ရှားသွားလာရာနေရာ ဖြစ်ပါဝာယ်။
၂၀၂၂ နှစ်ဆန်းပိုင်းကစ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေတို့အကြား တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း) ရဲစခန်းကို အောက်တိုဘာ ၁၉ ရက်မှာ ကိုးကန့် (MNDAA) တပ်က တိုက်ခိုက်ပြီးနောက် မုံးကိုးဘက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်းတည့် ၁၂ နာရီခွဲလောက်ကစပြီး ရပ်ကွက် ၅ အနီးမှာ စတင်တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
"ကျမတို့ ရပ်ကွက် ၅ ဘက်မှာ ပစ်နေပြီ။ လက်နက်သေးတွေ ပစ်နေတယ်။ လက်နက်ကြီးလည်း ပစ်သံကြားရတယ်။ အခု ကတုတ်ကျင်းထဲမှာ ပုန်းနေတယ်။"
မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ကိုးကန့် (MNDAA) တပ်ဖွဲ့တွေက ကြူကုတ် (ပန်ဆိုင်း) မြို့ထဲက ရဲစခန်းကိုပစ်ခတ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ တိုက်ပွဲပြန်ငြိမ်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်၊ ကိုးကန့် (MNDAA) တပ်တို့အပြင် ကြူကုတ် (ပန်ဆိုင်း)မြို့အနီးနားတွေမှာ TNLA တပ်တွေ လှုပ်ရှားသွားလာနေတာလည်း မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညနေ ၃ နာရီ ကျော်လောက်ကနေ ၅ နာရီ ကျော်အထိ မုံးကိုး ကောင်းဒပ်ဘက်မှ လက်နက်ကြီးရော လက်နက်ငယ်ပါ ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၆ နာရီ ကျော်အထိ လက်နက်ကြီး တချက် တချက် ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ မုံးကိုး ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ ကိုးကန့် (MNDAA) တပ် ပြန်ကြားရေးကတော့ အခုရက်ပိုင်း ပဋိပက္ခတွေ ဖြစ်ပွားနေတာ မှန်ကန်ပြီး အသေးစိတ်အချက်အလက်တွေ စုဆောင်းနေတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကြူကုတ် (ပန်ဆိုင်း) မှာ စစ်ကောင်စီတပ် နဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲကြောင့် ကြူကုတ် (ပန်ဆိုင်း) ရပါယ်ကွက် ၅ က အသက် ၆၂ နှစ် အရွယ်အမျိုးသမီးကြီးတစ်ဦးနဲ့ ပန်ဆိုင်း မြို့အထွက်မှာ ဆိုင်ကယ်စီးပြီးထွက်လာတဲ့ အမျိုးသမီး လူငယ် ၂ ဦးတို့လည်း ကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) တို့အကြား မုံးကိုးဘက်မှာ အခုနှစ် ဇူလိုင်လ ဆန်းပိုင်းကတည်းက တကျော့ပြန် တိုက်ပွဲ ပြန်လည်စတင် ဖြစ်ပွားလာခဲ့ပြီး ကြူကုတ် (ပန်ဆိုင်း) မြို့ဝန်းကျင်မှာတော့ ဩဂုတ်လဆန်းပိုင်းကစ တိုက်ပွဲ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းတွေမှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် ရှိပြီး လက်နက်ထိမှန်သေဆုံးတဲ့ အရပ်သားပြည်သူ မုံးကိုး နဲ့ ကြူကုတ် (ပန်ဆိုင်း)မှာ ၁၀ ဦး ရှိပြီ ဖြစ်ပြီး လက်နက်ထိ ဒဏ်ရာရသူ ၉ ဦး နဲ့ ရှပ်ထိ ၃ ဦး ရှိပြီ ဖြစ်ပြီး မိုင်းနင်းမိ သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရသူ ၁ ဦး ရှိပါတယ်။