close

ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ

close

April 5, 2022

စီစီဝမ်တောင်ပေါ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့ တိုက်ပွဲထပ်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲရှိ စီစီဝမ်တောင်ပေါ်မှာ ကိုးကန့် MNDAA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား   ဧပြီ ၄ ရက်မနက်က  တိုက်ပွဲတွေထပ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့  ကိုးကန့်သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဟူဂန့်တောင် (စီစီဝမ်တာဘန်တောင်)မှာ မနက်ပိုင်း ၈ နာရီခွဲလောက်က တိုက်ပွဲတကြိမ်၊ နေ့လယ် ၁၂ နာရီကနေ ၁ နာရီ ခွဲဝန်းကျင် အထိ ၁ ကြိမ် နှစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက "  ရွာဘက်တော့ မဟုတ်ဘူး။ ရင်ကွဲတောင်၊ မုံးပေါ်ဘက်ခြမ်း၊ ကိုးကန့်တွေနဲ့ပဲ။ မနေ့က ကိုးကန့်တွေထဲမှာ KNO တွေပါတယ်။ ဒီနေ့တော့ ကွတ်ခိုင်လမ်းဘက် အခြေအနေ နည်းနည်းရှုပ်နေတယ်။" လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံး ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ 

ဧပြီလ ၄ ရက် မနက်အစောပိုင်းတော့ စီစီဝမ်တာဘန်တောင်ခြေ ဟူဂန့်ရွာနားမှာ တိုက်ပွဲ အတော်ကြာ ပြင်းထန်ဖြစ်ပွားခဲ့ပြီး  မိုင်ဖန်ဘက်ရှိ စစ်ကောင်စီတပ်ကနေ နေ့လယ် ၂ နာရီလောက် အထိလက်နက်ကြီးပစ်ကူနေတယ်လို့ ဒေသခံရွာသား တယောက်က ပြောပါတယ်။ 

"ခြံနားမှာ တိုက်ပွဲတအားဖြစ်လာလို့ အရမ်း ကြောက်လန့် တုန်လှုပ်သွားတယ်။"လို့ ခြံမှာ အလုပ်လုပ်နေတဲ့ လုပ်သားတယောက်က  ပြောပါတယ်။

လတ်တလော မုံးပေါ်ဒေသနေရာ တော်တော်များများနဲ့ စီစီဝမ်တောင်ကြော တလျှောက်ပါ ခပ်စိပ်စိပ် တိုက်ပွဲတွေ ဖြစ်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဧပြီ ၃ ရက်ကလည်း မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တပ်မဟာ ၅၁၁  နဲ့  စစ်ကောင်စီတပ်မ ၉၉ တပ်ရင်း ၄၂၀ တို့အကြား ဟူဂန့်ကျေးရွာနဲ့ စီစီဝမ်တာဘန်တောင်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို  မတ်လ ၃၀ ရက်မှာလည်း မန်ကျမ်ရွာအနီးက မုန်းနွယ်ခူးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ကိုးကန့်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကစပြီး လက်ရှိအချိန်အထိ မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KIA ၊  MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

4 hours Ago
Up