ချီလီနိုင်ငံရဲ့ အဓိကဆိပ်ကမ်းမှာ နိုင်ငံပိုင်ကြေးနီသတ္တုတွင်းကုမ္ပဏီကြီး Codelco က ပိုင်ဆိုင်တဲ့ ကြေးနီတွေအပြည့်နဲ့ သင်္ဘောကွန်တိန်နာ အများအပြား ဓားပြတိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေကြောင်း ချီလီအာဏာပိုင်တွေက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက် မနက်အစောပိုင်းက ဆန်အန်တိုနီယိုဆိပ်ကမ်းကို လက်နက်ကိုင် ၁၀ ဦး ဝင်ရောက်လာခဲ့ပြီး အလုပ်သမားတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကြေးနီတွေပါရှိတဲ့ ကွန်တိန်နာ ၁၂ လုံး အပါအဝင် သင်္ဘောတင် ကွန်တိန်နာ ၁၃ လုံးကို လုယူသွားခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။
လုံခြုံရေး မှတ်တမ်းတွေကို စုံစမ်း စစ်ဆေးမှုတွေ လုပ်နေကြောင်း အာဏာပိုင်တွေက ပြောပေမဲ့ သံသယရှိသူတွေကိုတော့ မဖမ်းမိသေးပါဘူး။
ကြေးနီတွေကို ပြည်ပကိုတင်ပို့ဖို့ စီစဉ်ထားပြီး အာမခံလည်း လုပ်ထားကြောင်း Codelco က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကြေးနီပြားတွေဟာ ခန့်မှန်းခြေ ဒေါ်လာ ၄ ဒသမ ၄ သန်း တန်ကြေးရှိတယ်လို့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။
ဒီဓားပြတိုက်မှုဟာ အကြီးမားဆုံး ကြေးနီခိုးယူမှုဖြစ်ပြီး ဒီအကြမ်းဖက်လုယက်မှုကြောင့် ကမ္ဘာ့အကြီးဆုံး ကြေးနီထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ တင်ပို့မှုလုံခြုံရေးအတွက် ဖိအားတွေ တိုးလာရပါတယ်။
ချီလီနိုင်ငံရှိ သတ္တုတူးဖော်ရေးကုမ္ပဏီတွေဟာ ကြေးနီတွေကို အထူးပြု ရွေးချယ်ခိုးယူတဲ့ ဂိုဏ်းတွေနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် တိုင်ကြားဖူးပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလက ချီလီနိုင်ငံမြောက်ပိုင်းမှာ လူဆိုးဂိုဏ်းတွေရဲ့ ဓားပြတိုက်မှုတွေကြောင့် ကြေးနီ ကက်သုဒ်တိုင်တွေကို တင်ဆောင်လာတဲ့ ရထားတွေပေါ်မှာ လုံခြုံရေးကို တင်းကျပ်ထားဖို့ တွန်းအားပေးခဲ့ရပါတယ်။
အာဏာပိုင်တွေကတော့ ရထားပေါ်က ခိုးယူမှုတွေအတွက် နိုင်ငံတကာ ရာဇ၀တ်အုပ်စုတွေကို အပြစ်တင်ထားပြီး ရဲတပ်ဖွဲ့ကတော့ ဇန်နဝါရီ ၁၁ ဓားပြတိုက်မှုဟာ ဒေသခံအဖွဲ့ဖြစ်နိုင်တယ်လို့ ပြောကြားထားပါတယ်။