စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေး ကြေးမုံကျေးရွာက ဒလန်သတင်းပေး အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၂၈ နေ့လယ်ပိုင်းက ဓားနဲ့ အထိုးခံရလို့ သေဆုံးသွားပါတယ်။
သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကို လယ်တောထဲမှာ ဓားနဲ့ အမည်မသိလူတစ်စုက ထိုးသတ်သွားပြီး အိပ်ပျော်နေတဲ့ ပုံစံနဲ့ ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မုံရွေးဒေသခံတစ်ဦးက "အုပ်ချုပ်ရေးမှူး မြတ်ကျော်က ဒလန် သတင်းပေးဆိုပြီး နာမည်ထွက်နေတယ်။ လယ်တောထဲက အိမ်မှာဓားနဲ့ ထိုးသတ်သွားတာ ဘယ်သူ လုပ်သွားလဲတော့မသိဘူး။ သူက ပျူစောထီးတွေနဲ့လည်း ဆက်သွယ်တယ်" လို့ ပြောပါတယ်။
မုံရွေး ကြေးမုံရွာမှာ စက်တင်ဘာ ၂၇ ညနေပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကျေးရွာကို ဝိုင်းထားပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ ၁၀ ဦး ထက်မနည်း ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီးခံခဲ့ရပါတယ်။
မုံရွေးကြေးမုံရွာဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ နေ့စဉ်ပြုလုပ်နေတဲ့ဒေသ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေး ကြေးမုံမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၀ ရက် ညက ပြည်သူ ၁၁ ဦး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မုံရွေး ကြေးမုံရွာကို အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “မနေ့ည ၁၀ နာရီ နောက်ပိုင်းမှာ ရွာထဲကို ဝင်လာပြီး အိမ်တွေကိုရှာတယ်။ နောက်ပြီး ရွာက လူ ၁၁ ယောက် ဖမ်းဆီးသွားတယ်။ ရိုက်နှက်တာတွေရှိလည်း လုပ်တယ်” လို့ ပြောပါတယ်။
မုံရွေး ကြေးမုံမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၃ ရက်လောက်ကလည်း ရွာထဲမှာဝင်ရောက်ပြီး နေအိမ်အချို့ မီးရှို့ခဲ့ကြတာကြောင့် မီးလောင်ဒဏ်ရာနဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ပါတယ်။